ပင်လုံကတိကဝတ် အခြေခံသည့် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရန် လိုလားသူများနှင့် KIO ပူးပေါင်း၍ စစ်ကောင်စီကို တော်လှန်နေ
25 October 2023 – Kachinwaves
KIO သည် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းပြီး ပင်လုံကတိကဝတ်ကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ယူရမည်ဟူ၍ စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းကာ ကြိုးစားအားထုတ်နေကြောင်း ယနေ့ကျရောက်သည့် KIO တည်ထောင်ခြင်း (၆၃) နှစ်မြောက်၊ ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်း၌ ပါရှိပါသည်။
စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အထွေထွေအကြပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း၊ ယခုလိုဖြစ်ပေါ်လာမှုသည် နိုင်ငံပျက်စီးရာသို့ ဦးတည်လာနေသည်ဟု တွေ့မြင်လာရကြောင်း၊ စစ်ကောင်စီသည် ပြည်သူကို ရန်သူလို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေသည့်အတွက် ပြည်သူအမြောက်အများ စစ်ဘေးရှောင် ဆင်းရဲဒုက္ခရောက်နေရသည်ကို ကမ္ဘာသိအောင် ထင်ထင်ရှားရှား ဖြစ်ပေါ်နေပြီဖြစ်ကြောင်း မိန့်ခွန်း၌ ပါရှိပါသည်။
အဖက်ဖက်၌ အကြပ်အတည်းဆိုက်နေသော စစ်ကောင်စီသည် မြို့ရွာများတွင် ပြည်သူ့စစ်အဖွဲ့များကို အတင်းအဓမ္မဖွဲ့စည်းနေခြင်းသည် ပြည်သူအချင်းချင်း ရန်ဖြစ်ခိုင်းစေသည့် လုပ်ရပ်ဖြစ်သောကြောင့် ပြည်သူများ ပါဝင်ခြင်းမရှိဘဲ နည်းလမ်းရှာ ရှောင်ရှားနိုင်အောင်ကြိုးစားကြရန် အလေးအနက် သတိပေးတိုက်တွန်းကြောင်းလည်း ပါရှိသည်။
လက်ရှိကာလတွင် သန်းခေါင်းစာရင်းကောက်ယူပြီး ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီ၏ ပြောဆိုနေမှုသည် မှန်ကန်သည့် လုပ်ဆောင်မှုမဟုတ်သလို နိုင်ငံ၏ အကြပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်သည့်အတွက် ပြည်သူများ ပါဝင်ထောက်ခံအားပေးခြင်း မပြုကြရန် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်ပါသည်။
“ချစ်လှစွာသော ပြည်သူများခင်ဗျား။ အာဏာရှင် စစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ အားတက်သရော ဂုဏ်ယူစွာ ထမ်းဆောင်နေခြင်း၊ ထောက်ခံအားပေးခြင်း မပြုလုပ်ကြပါနဲ့။ စစ်အာဏာရှင် အမြစ်တွယ်တည်မြဲနေအောင် ပံ့ပူးပေးမှုတွေ မလုပ်ဆောင်ကြဖို့အတွက်လည်း ချစ်ခြင်းမေတ္တာစိတ်နဲ့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။”
ထို့အပြင် KIO ဥက္ကဌ၏ မိန့်ခွန်းတွင် စစ်ကောင်စီကြောင့် မူးယစ်ဆေးဝါးအမျိုးမျိုး ပိုမိုများပြားသုံးစွဲမှုရှိလာသည်ကို တွေ့ရှိရသည့်အတွက် KIO အမှုထမ်းများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားပါသည်။
KIO အမှုထမ်းများကို မှာကြားရာတွင် “လက်ရှိကြားကာလမှာ ကျွန်ုပ်တို့ အမှုထမ်းများအားလုံး လုပ်ငန်းဆောင်တာအားလုံးကို ယခင်ကထက် ပိုမိုကြိုးစားအားထုတ် လုပ်ဆောင်ကြရမယ့် ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ဗဟိုကော်မတီကနေ လမ်းညွှန်ဦးဆောင်တဲ့ လမ်းစဉ်အတိုင်း အာဏာရှင်စစ်ကောင်စီကို တော်လှန်တဲ့ လုပ်ငန်းတိုင်းမှာ အောင်မြင်မှုရရှိအောင် အစွမ်းအစထုတ်ပြီး တာဝန်ကို ထမ်းဆောင်ကြပါ။ KIO ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ရပ်မျိုးကို သတိထားရှောင်ရှားကြပါ။”ဟု ပါရှိသည်။
ဆက်လက်၍ အမှုထမ်းများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းကျင့်ဝတ်များကို လိုက်နာပြီး ကိုယ်ကျိုးစီးပွားရှာသည့် လုပ်ငန်းများနှင့် ကြမ်းတမ်းသည့် အာဏာရှင်စရိုက်များကို မလုပ်ဆောင်မိကြရန်လည်း မိန့်ကြားထားပါသည်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (Kachin Independence Organization) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ကချင်လူကြီးအချို့အပါအဝင် လူငယ်များနှင့် အစည်းအဝေးကျင်းပကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။