လိုင်လွမ်နှင့် နမ့်ကွတ်စခန်းကို မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သော်လည်း ခေတ္တဆုတ်ခွာခဲ့ရသည်ဟု စစ်ကောင်စီထုတ်ပြန်
21 October 2023 – Kachinwaves
KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ် မူဆယ်မြို့နယ်ရှိ တောင်ကုန်း စခန်းကို သော်လည်းကောင်း၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် မြစ်ကြီးနား – ဗန်းမော်လမ်းရှိ လိုင်လွမ် (အောင်ဂျာ) စခန်းကို သော်လည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
လိုင်လွမ် (အောင်ဂျာ)စစန်း လက်လွတ်သွားရသည့် တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီက ယခုလို ထုတ်ပြန်ထားသည်။
“KIA အဖွဲ့များက ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ တပ်မတော်မှ ဗန်းမော်-ဝိုင်းမော် ကားလမ်းထိန်း စခန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် လဲလုံစခန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်နေ့အထိ (၈၁) ကြိမ်တိုင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များက အမြောက်နှင့် လေကြောင်းပစ်ကူရယူ၍ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ မှ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သောင်းကျန်းသူ အင်အားများပြား လာသည့် အတွက် စခန်းမှ ခေတ္တဆုတ်ခွာပေးလိုက်ရကြောင်း …”ဟု ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် မူဆယ်မြို့နယ်ရှိ တပ်စခန်းကို မဆုတ်မနစ် ပြန်လည် ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကူ စစ်ကြောင်းများ မရောက်မှီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှ ဆုတ်ခွာခဲ့ရကြောင်း စစ်ကောင်စီ၏ ထုတ်ပြန် ချက်၌ ယခုလိုပါရှိသည်။
“KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့် အကွာရှိ တပ်မတော်မှ နယ်မြေထိန်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် နမ့်ကွတ်စခန်းအား နေရာ (၃) နေရာမှ အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။”ဟု ပါရှိသည်။
စစ်ကောင်စီတပ်သည် မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ဇူလိုင်လမှစပြီး ထိုးစစ်ဆင်လာခဲ့၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာရာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲခံရပြီးနောက်ရက်ပိုင်းအတွင်း ယခုလို စစ်ကောင်စီတပ်၏ စခန်းများကို တိုက်ခိုက်သိမ်းပိုက်လာသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်က အဆိုပါစခန်းများ သိမ်းပိုက်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အလေးထား လိုက်နာဆောင်ရွက်လျက်ရှိပြီး NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကြီးကိုလည်း အနှစ် သာရရှိစွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်းပါရှိသည်။
သို့သော် ယင်းနှစ်ပတ်လည်နေ့ ကျင်းပခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်ကောင်စီစစ်ကြောင်းများက ကချင်ပြည်နယ်မှ ကျေးရွာ (၄) ရွာတွင် နေအိမ်မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည်ကို မြေပြင်သတင်း များအရ သိရှိရသည်။
စစ်ကောင်စီတပ်က လက်လွတ်သွားသည့် စခန်းများကို စစ်ကူစစ်ကြောင်းများဖြင့် ပူးပေါင်းလျက် စခန်း အား အမြန်ဆုံးပြန်လည် သိမ်းပိုက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။