နိုင်ငံကူးလက်မှတ် (passport) စာအုပ် အမြန်ရဖို့ ပွဲစားနဲ့ချိတ်ဆက်ရပြီး လားရှိုးရုံးမှာ ကျပ်သိန်း ၂ ဆယ်နီးပါးထိ ပေးနေရကြောင်းဆို
24 October 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့မှာ နိုင်ငံကူးလက်မှတ် (passport) စာအုပ်တစ်ခုရရှိနိုင်ဖို့ ကျပ်သိန်း ၂၀ နီးပါးကုန်ကျတယ်လို့ သိရှိရပါတယ်။
အာဏာသိမ်းကာလ မတိုင်ခင်နဲ့ အစောပိုင်းကာလတွေတုန်းက နိုင်ငံကူးလက်မှတ်တစ်အုပ်အတွက် ကျပ် ၇ သောင်းဝန်းကျင်သာ ပေးဆောင်ရပေမယ့် အခု ၂၀၂၃ ခုနှစ်အတွင်းမှာ နိုင်ငံကူးလက်မှတ် ရဖို့အတွက် ပေးဆောင်ရတဲ့ ကုန်ကျစားရိတ်တွေဟာ တဖြည်းဖြည်း မြင့်တက်လာတယ်လို့ သိရပါတယ်။
၂၀၂၃ ဧပြီလနဲ့ မေလမှာ ၅ သိန်းနဲ့ ၆ သိန်းကြား၊ ဇွန်လနဲ့ ဩဂုတ်လ အတောအတွင်းမှာ ၇ သိန်းနဲ့ ၈ သိန်းထိ တက်သွားပြီးနောက် စက်တင်ဘာလကစပြီး ၁၅ သိန်းနဲ့ ၂၀ သိန်းကြားအထိ ကုန်ကျလာတယ်လို့ လားရှိုးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ သွားရောက်လုပ်ဆောင်ခဲ့သူတစ်ဦးက ဆိုပါတယ်။
“တုံကင် (အလှည့်ကျစနစ်) ပိတ်လိုက်တာ။ တုံကင်ပိတ်လိုက်တော့ ၁၅ သိန်း ၂၀ သိန်းပေးနိုင်ရင်တော့ လာလုပ်ပေါ့ကွာ အဲ့ပုံစံ။ ပွဲစားကိုပဲ အပ်ထားလိုက်တာ တုံကင်က ၂၀၂၃ အတွက် လူဦးရေပြည့်သွားပြီတဲ့။ ၂၀၂၄ မှ ပြန်ထုတ်ပေးတော့မယ်တဲ့”
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ပွဲစားတွေနဲ့ ရုံးဝန်ထမ်းတွေက အချိတ်အဆက်နဲ့ တရားမဝင် ပေးနေရတဲ့အတွက် ကုန်ကျစားရိတ် ပိုများလာတာဖြစ်တယ်လို့ သူကပြောပါတယ်။
ပွဲစားကြားခံခြင်းမရှိဘဲ ပုံမှန်နည်းလမ်းအတိုင်း တုံကင်နံပါတ် ယူပြီးလုပ်မယ်ဆိုရင် ၂၀၂၄ ခုနှစ်ရောက်မှသာ တုံကင်အလှည့်ကျတော့မှာ ဖြစ်ကြောင်းနဲ့ ပွဲစားနဲ့လုပ်ရင် နိုင်ငံကူးလက်မှတ်ရရှိဖို့ နှစ်ပတ်အတွင်း ရတယ်လို့ သူကဆိုပါတယ်။
“ဥပမာ ဒီစက်တင်ဘာလမှာ တုံကင်သွားယူရင် နောက်နှစ်လေးလပိုင်း၊ ငါးလပိုင်းလောက်မှ လာခဲ့ပါဆိုတာ သတ်မှတ်ပေးတယ်။ မှောင်ခိုလုပ်တဲ့သူတွေကျ နှစ်ပတ်ပဲ။ နှစ်ပတ်တောင် မရှိဘူး။ ဆယ်ရက်လောက်ပဲ”
ရုံးအတွင်းပိုင်းမှာ တရားဝင် ကျပ်သောင်းဂဏန်းဝန်းကျင်သာ ပေးဆောင်ရပေမယ့် ရုံးအပြင်မှာ ပွဲစားတွေကိုတော့ ငွေကျပ်ဆယ်သိန်းကျော် ပေးဆောင်နေရတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူတွေဟာ အချက်အလက် မှားယွင်းဖြည့်မိရင် ဒဏ်ကြေး သုံးသိန်းလောက်အထိ ဆောင်ရတယ်လို့လည်း သိရှိရပါတယ်။
“သက်တမ်းတိုးတဲ့အခါ ရက်စွဲတို့ လတို့မှားနေရင် လဝက ကိုပြေးခိုင်းတယ်။ မပြေးနိုင်လို့ရှိရင် လျော်ကြေးက ပြင်ခဆိုပြီး တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း အဲ့လိုဆောင်ခိုင်းတယ်။ တကယ်တမ်းကျတော့ မိမိရဲ့ပတ်စ်ပို့မှာ မွေး၊ လ၊ ခုနှစ်တို့မှားတာက လဝကကမှားလို့ ဖြစ်တာလေ”
ရုံးဝန်ထမ်းတွေနဲ့ ပွဲစားတွေနဲ့ အချိန်းအချက်လုပ်ဆောင်မှုတွေကြောင့် ငွေကြေးမပြည့်စုံသူတွေအတွက် ပိုမိုခက်ခဲရပြီး ဒီလိုလုပ်ရပ်တွေဟာ ပြည်သူတွေအတွက် အဆင်မပြေဖြစ်စေတယ်လို့လည်း ပြောဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမငြိမ်သက်မှုကြောင့် စီးပွားရေးကျဆင်းမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မြန်မာပြည်တွင်းကနေ ပြည်ပထွက်ပြီး အလုပ်သွားရောက်လုပ်ကိုင်လိုသူတွေ များပြားလာတဲ့အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေမှာ ရက်ချိန်းယူဖို့ ကြန့်ကြာတာတွေ ရှိလာပါတယ်။
စီးပွားရေး၊ ကုန်သွယ်ရေး အဓိကဇုန်ဖြစ်တဲ့ ရန်ကုန်မြို့မှာလည်း ပတ်စ်ပို့ထုတ်ပေးမယ့် ရက်ချိန်းကြန့်ကြာမှုတွေကြောင့် ကရင်ပြည်နယ်၊ မြဝတီအထိ သွားရောက်ပြီး အမြန်ကြေး ၆ သိန်းပေးဆောင်ကာ ပတ်စ်ပို့လုပ်နေရတဲ့သူတွေလည်းရှိတယ်လို့ DVB သတင်းဌာနရဲ့ ဇွန်လ ၁၆ ရက်နေ့သတင်းမှာလည်း ဖော်ပြခဲ့ပါတယ်။