မိုးကောင်းမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် လိုင်စင်မဲ့ကားများကို စစ်ဆေးဖမ်းဆီးနေသည်ဟုဆို
19 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးကောင်းမြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က လိုင်စင်မဲ့ကားများဖမ်းဆီးခြင်းကို လုပ်ဆောင်နေပြီး ကားပိုင်ရှင်များကိုလည်း ဖမ်းဆီးချုပ်နှောင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ဒေသအခေါ် သုံးမိုင်ကွေ့ဟုခေါ်ကြသည့် မန္တလေး – မိုးကောင်း ပြည်ထောင်စုလမ်းမကြီးမှ ကားမိုင်းဘက်သို့ ကွေ့ဝင်ရသည့်နေရာတွင် ယနေ့မွန်းလွဲ သုံးနာရီကလည်း စစ်ကောင်စီ ရဲနှင့် အရပ်ဝတ်များက လမ်းပိုင်းတွင် စစ်ဆေးရေးလုပ်ဆောင်နေပြီး လိုင်စင်မဲ့ကားများကို ဖမ်းဆီးနေကြောင်း မိုးကောင်းဒေသခံ အမျိုးသား တစ်ဦးက ၎င်း၏ သူငယ်ချင်းထံမှ သိရှိရသည်ကို ပြန်ပြောပြသည်။
“သူငယ်ချင်း ဟိုပင်ကအပြန် လိုင်စင်စစ်တယ်။ ဖမ်းတယ်လို့ပြောတယ်။ သူ့ကားကလိုင်စင်နဲ့မို့ မဖမ်းတာ”
ထို့နောက် ညနေ ၆ နာရီဝန်းကျင်တွင် မိုးကောင်းတံတားအနီးရှိ အင်ကြင်းတည်းခိုခန်းအနီးတွင် စစ်ဆေးမှု များ ထပ်မံလုပ်ဆောင်နေကြောင်း သိရသည်။
စစ်ဆေးရေးလုပ်ဆောင်နေခြင်းမှာ ရေရှင်ကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ရှေ့၌ ပစ်သတ်ခံ ရသည့်ဖြစ်စဉ်နှင့် ဆက်စပ်နိုင်ကြောင်းလည်း ဆိုသည်။
“ရွာအုပ်ကြီးပစ်သတ်ခံရတာနဲ့ပက်သက်တဲ့ ကားပါလာတယ်ပြောတယ်။ အဲ့ကားကို အုပ်ကြီးသားက မြင် လိုက်လို့ ခုလိုစစ်ဆေးရေးလုပ်ပုံရတယ်လို့”
အောက်တိုဘာ ၅ ရက်နေ့ညက ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ရှေ့သို့ သေနတ်ကိုင်ဆောင်ထားသူများ လိုက်ပါစီးနင်းလာသည့် ကားတစ်စီးရောက်ရှိလာပြီး ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သည်။
အောက်တိုဘာ ၁၆ ရက်နေ့ကလည်း မိုးကောင်းမြို့ နှင့် နမ္မတီမြို့ အဝင်အထွက်လမ်းပိုင်းတွင် ကားများကို လိုင်စင်အကြောင်းပြ စစ်ဆေးခဲ့ပြီး လိုင်စင်မဲ့ကားအစီး ၂၀ ဝန်းကျင်နှင့် ကားပိုင်ရှင်များကို ဖမ်းဆီးခဲ့သည်။
“ကားကိုတော့အပြီးသိမ်းမယ်။ လူကိုဒဏ်ငွေဆောင်ခိုင်းပြီး လွတ်မယ်ကြားတယ်။ ဒဏ်ငွေမဆောင်နိုင်ရင် ထောင်တစ်လ”
ဖမ်းဆီးခံရသည့်ကားများကို အောက်တိုဘာ ၂၄ ရက်နေ့တွင် မိုးကောင်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်းသိရသည်။
အလားတူ ယနေ့နံနက်ကလည်း မြစ်ကြီးနားမြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က – ၁) လမ်း ဆုံတွင် အိမ်စီးကားများကို စစ်ဆေးပြီး၊ လိုင်စင်မဲ့ကားများကို ဖမ်းဆီးခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရှိ ရသည်။