ဖားကန့် တာမခံကျေးရွာရှိ စစ်တပ်ကုန်းကို KIA က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ တိမ်းရှောင်သူ ရွာသားများရှိ
19 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က စစ်ကောင်စီ တပ်နှင့် KIA တို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်ခဲ့ကြကြောင်း သိရှိရသည်။
ကချင်လွတ်မြောက်ရေးတပ် (KIA) ဘက်မှ တာမခံကျေးရွာစစ်တပ်ကုန်းဘက်သို့ လက်နက်ကြီး သုံးလုံးဖြင့် စတင်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဟောင်ပါးကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
“KIA ဘက်က လက်နက်ကြီး ၃ လုံးပစ်လိုက်တဲ့အထဲမှာ ၂ လုံးက စစ်တပ်ဘက်မှာ ကျတယ်လို့ ပြောတယ်။ တစ်လုံးကရဲစခန်းမှာ ကျတယ်။ နောက်စစ်တပ်ဘက်က ၂ လုံးပြန်ပစ်တယ်။ ဟောင်ပါးရွာဘက်ကို”
လက်နက်ကြီး ပစ်ခတ်သံများနှင့်အတူ သေနတ်ပစ်ဖောက်သံများကိုပါ ဒေသခံများက ကြားခဲ့ရကြောင်း ဆိုသည်။
တင်းမာလာသည့် စစ်ရေးအခြေအနေကြောင့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြပြီး အချို့ မှာ ထွက်ပြေးတိမ်းရှောင်ကြပြီဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ညကလည်း တာမခံကျေးရွာစစ်တပ်ကုန်းမှ ဟောင်ပါးကျေးရွာဘက်သို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့ရာ လူနေအိမ်အနီးတွင် လက်နက်ကြီးပေါက်ကွဲပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။