မိုးကောင်းမြို့တွင် စစ်ကောင်စီအဖမ်းအဆီး ကြမ်းနေဆဲဖြစ်ပြီး နှစ်ပတ်အတွင်း အနည်းဆုံး ငါးဦးထက်မနည်း ဖမ်းဆီးခံရ
17 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အောက်တိုဘာ ဒုတိယပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ငါးဦးထက်မနည်းရှိကြောင်း သိရှိရသည်။
အောက်တိုဘာ ၅ ရက်နေ့ညတွင် ရေရှင်ကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သားဖမ်းဆီးမှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
အောက်တိုဘာ ၁၂ ရက်နေ့က လေးမိုင်ကျေးရွာမှ မပပဟုခေါ်ဆိုသည့် အမျိုးသမီးနှင့် ၎င်း၏မောင်ဖြစ်သူကို လည်းကောင်း၊ ထိုရက်ပိုင်းအတွင်းမှာပင် မိုးကောင်းမြို့၊ အလယ်ရပ်ကွက်မှ ဦးပိန်ဟုခေါ်ဆိုသည့် အမျိုးသား နှင့် ၎င်း၏အမျိုးသမီးကိုလည်းကောင်း၊ ထို့နောက် အောက်တိုဘာ ၁၅ ရက်နေ့တွင် မန်ရွက်ကျေးရွာ မှ ဒေါ်ထားထားဆိုသည့် အမျိုးသမီးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သူကဆိုသည်။
“တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွယ်တယ်လို့ ထင်တဲ့သူတွေအကုန်လုံးကို ရမ်းပြီးမှ စစ်ဆေးတာတွေ လုပ်တာပေါ့”
ထို့အပြင် မိုးကောင်းရွှေသာလျောင်း ဘုရားကြီးအနီးရှိ ရွှေပီတိစားဖွယ်စုံမှ အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး၊ မိုးကောင်းမြို့အနီးရှိ နမ့်ရင်းကျေးရွာနှင့် ညောင်ထောက်ကလေးကျေးရွာမှ ဒေသခံများကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူများမှာ KPDF နှင့်ဆက်သွယ်မှု၊ ထောက်ပံ့မှုရှိသည်ဟူ၍လည်းကောင်း၊ အွန်လိုင်းတွင် စာသင်ကြား သည့် အတွက်ကြောင့်လည်းကောင်း စသဖြင့်အကြောင်းအမျိုးမျိုးပြပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ယမန်နေ့ကလည်း လိုင်စင်မဲ့ကားများကို မိုးကောင်း – နမ္မတီးလမ်းကြောတစ်လျှောက်တွင် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သေးကြောင်း အဆိုပါဒေသခံက ဆိုသည်။
“မနေ့က ကားဖမ်းတာတောင် မျက်နှာမစိမ်းရင်၊ အပြောတတ်ရင် ပိုက်ဆံယူပြီး ပြန်လွတ်တယ်။ တကယ်ဖမ်းခံရတဲ့ ကားတွေတော့ တရားရုံးတင်တယ်ပြောနေကြတယ်”
ကလေးမြို့မှ မိုးကောင်း၊ စကခ (၃) သို့ ဗျူဟာမှူး သန့်စင်ဦးဆိုသူ ရွှေ့ပြောင်းလာပြီးနောက်ပိုင်း ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းကြိုလာသည့် စစ်ကောင်စီကား ပစ်ခတ်ခံခဲ့ရပြီးနောက် အရပ်သားဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မိုးကောင်းမြို့အတွင်းတွင်လည်း ကင်းပုန်းချပြီး စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာသည့် အတွက် မိုးကောင်းဒေသခံလူငယ်များမှာ မြို့မှထွက်ပြေးတိမ်းရှောင်နေရသည်အထိ အခြေအနေမှာ ဆိုးဝါး နေကြောင်း ဒေသခံလူငယ်များထံမှ သိရှိရသည်။
စစ်ကားပစ်ခတ်ခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရသည့် အရပ်သား ၆၀ ကျော်အနက် အချို့မှာတရားရုံးတွင် အမှု ရင်ဆိုင်နေရပြီး ၎င်းတို့အနက် ဒေါ်ခင်မာရွှေနှင့် ဦးဂျိုးဇက်ဝဘော်တန်ဂွန်းမှာ စစ်ကြောရေးတွင် နှိပ်စက်ခံရ သည့် ဒဏ်ရာများကြောင့် ချုပ်နှောင်ခံထားရစဉ် သေဆုံးခဲ့ကြောင်း သိရသည်။