ရွှေကူ – ဗန်းမော်ကားလမ်းရှိ စစ်ကောင်စီတပ်အထိုင်ချထားသည့် ဂိတ်စခန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ဖျက်ဆီး
17 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးကျေးရွာထိပ်ရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၄ နာရီခွဲ ဝန်းကျင်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေကူ – ဗန်းမော်ကားလမ်းတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးနာရီကျော်ကြာအောင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ရွှေကူဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
“ဖြစ်တာကကျတော့ ရွေကူမြို့ဦးထိပ်မှာ ငါးဘတ်ကြီးတပ် (တပ်စခန်း) မှာဖြစ်တယ်လို့ ပြောတာပဲ။ ငါးဘတ်ကြီးက ရွှေကူနဲ့ကပ်လျက်ပဲ။ မနက်ကစစ်ကူတွေ သွားတယ်။ အဲ့စစ်ကူတွေက လမ်းမှာဟိုပစ်၊ ဒီပစ် ပစ်သွားသေးတယ်။ တော်တော်တော့ပြင်းတယ်၊ ဒီတစ်ခေါက်ဖြစ်တာ”
စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားနေစဉ် ငါးဘတ်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု များ ပြုလုပ်နေသည့်အတွက် ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ထိခိုက်သည့်ပြည်သူရှိသည်ဟု စစ်ရှောင်ဒေသခံတစ်ဦးထံမှ ကြားသိရကြောင်း ၎င်းကဆိုသည်။
“ပြေးရင်းလွှားရင်းနဲ့ အိမ်တစ်အိမ်ကို ထိသွားတာကိုမြင်လိုက်တာ။ (လက်နက်ကြီးထိခံရသူ၏) လက်တစ်ဖက် လှုပ်လှုပ်ကလေးပဲ မြင်လိုက်တယ်တဲ့။ ဘယ်သူမှသေချာသွားမကြည့်ရဲဘူး။ ရွာထဲလည်း ဘယ်သူမှ ပြန်မဝင်ရဲဘူး”
ယခုလက်ရှိအချိန်ထိ ရွှေကူရဲစခန်းနှင့် အမှတ် ၂ ရက်ကွက်ရှိစစ်တပ်မှ ငါးဘတ်ကြီးကျေးရွာသို့ လက်နက် ကြီးများ ပစ်ခတ်နေသေးကြောင်း သိရှိရပြီး ဒေသခံများမှာ ရွှေကူမြို့အတွင်းသို့ ထွက်ပြေးတိမ်းရှောင် လာ ကြကြောင်း သိရသည်။
ငါးဘတ်ကြီးစစ်ကောင်စီစခန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကိုမီးရှို့ခဲ့သည်ဟု KIA နီးစပ်သူတစ်ဦးက ဆိုသော်လည်း လက်ရှိအခြေအနေတွင် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
တိုက်ပွဲကြောင့် ပျက်စီးထိခိုက်မှုနှင့် တိုက်ပွဲနောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ယခုလက်ရှိ စစ်ကောင်စီတပ်မှာ ရွှေကူမြို့အတွင်း စစ်ဆေးမှုများပြုလုပ်နေပြီး လမ်းသွားလမ်းလာ လူငယ် များကိုလည်း ရိုက်နှက်နေကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်နေ့က ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း နှင့် ရဲစခန်းကို မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ထက် မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။