NCA နှစ်ပတ်လည် မိန့်ခွန်းမှာ တွေ့ဆုံညှိနှိုင်းရေးဖိတ်ခေါ်ခဲ့သည့် စစ်ကောင်စီတပ်၏ KIA တပ်မဟာ ၉ ဌာနချုပ်အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရာရှိအပါအဝင် ၂ ဦးကျဆုံး
17 October 2023 – Kachinwaves
စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စင်းနှင့် လက်နက်ကြီးများဖြင့် KIA တပ်မဟာ ၉ ဌာနချုပ်အနီး ယမန်နေ့ ညနေ ၄ နာရီခွဲနှင့် ၅ နာရီခွဲကြားတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးနှင့် အခြား တစ်ယောက်သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ကေအိုင်အို သတင်းနှင့်ပြန်ကြားရေး သတင်းရင်းမြစ်က “ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် နှစ်ကြိမ်ဗုံးကြဲချ ပြီးနောက်တစ်ဆက်တည်း လက်နက်ကြီးဖြင့် ၉ ကြိမ်ပစ်ခတ်ခဲ့သည်”ဟု ဖော်ပြထားသည်။ ၎င်းတို့ ဖော်ပြ ထားသည့် ပုံတွင် သေဆုံးနေသည့် နွားနှစ်ကောင်ကိုလည်း တွေ့ရသည်။
ထို့အပြင် အောက်တိုဘာ ၁၄ ရက်နေ့က ဖားကန့်လမ်း မအူပင်ကျေးရွာအနီး၌ စစ်ကောင်စီတပ် ခလရ ၇၄ တပ်ရင်းနှင့် ခမရ ၁၂ တပ်ရင်းတို့ကို KIA တပ်မဟာ ၉ လက်အောက်ခံ အမှတ် ၄၄ တပ်ရင်းက ကြားဖြတ် တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီဘက်က အရာရှိအဆင့်သေဆုံးမှုရှိခဲ့သည့်အတွက် တန်ပြန်တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်နေသည့် မြစ်ကြီးနား – ဗန်းမော်လမ်း အောင်ဂျာရွာတွင် တပ်ရင်းမှူးအဆင့်ရှိ ဒုဗိုလ်မှူးကြီး သက်အောင်အောင် စနိုက် ပါဖြင့် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Kachinwaves က သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အောက်တိုဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များက ကချင်ပြည်နယ်တွင် ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။
အောက်တိုဘာ ၉ ရက်နေ့ညက မုန်လိုင်ခက်စစ်ေရှာင်စခန်းကို စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် သေဆုံးသွားသူများအတွက် အောက်မေ့သတိရဆုတောင်းခြင်းကို လိုင်ဇာမြို့ ဝေကြိုင်စစ်ရှောင် စခန်း၌ ယနေ့ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီဥက္ကဌက NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို “တွေ့ဆုံညှိနှိုင်းရေး ဆွေးနွေးပွဲများဆီသို့ အရောက်လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်ပြော ကြားရင်း” အောက်တိုဘာ ၁၅ ရက်နေ့၌ ကျင်းပခဲ့သည့် NCA ၈ နှစ်ပြည့် မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သော်လည်း ကချင်ပြည်နယ်တွင် ကျေးရွာများကို မီးရှို့ခဲ့ပြီး KIA ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။