KIA တပ်မဟာ ၉ နယ်မြေတွင် စစ်ကောင်စီတပ် တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်
16 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၉ နယ်မြေကို ယနေ့ညနေ ၄ နာရီခွဲခန့်က တိုက်လေယာဉ်နှစ်စင်းဖြင့် စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ပိုင်းနေရာရှိ KIA တပ်မဟာ (၉) နယ်မြေတွင် စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကံဆီးကျေးရွာအထက် KIA တပ်မဟာ (၉) ထိန်းချုပ်တဲ့နေရာကို လေယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်မှု ဖြစ်ပါတယ်။ ဗုံးကြဲပစ်ခတ်မှုဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှုစာရင်းကတော့ မသိရှိရသေးဘူး”
ဖားကန့်မှ ဒေသခံနောက်တစ်ဦးကမူ လေယာဉ်ဖြင့် တပ်မဟာ ၉ ထိန်းချုပ်နယ်မြေအတွင်းရှိသည့် အနန့်ပါ ကျေးရွာတွင် လာရောက်ပစ်ခတ်ခဲ့ကြောင်း ပြောဆိုသည်။
ထို့အပြင် ကံဆီးကျေးရွာရှိ စစ်ကောင်စီဗျူဟာကုန်းမှလည်း လက်နက်ကြီးများ ပစ်ခတ်နေသည်မှာ ရှစ်လုံး ထက်မနည်းရှိပြီဖြစ်ပြီး လက်နက်ကြီးတစ်လုံးမှာ အနန့်ပါကျေးရွာဈေးအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို Kachinwaves မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၃ ရက်နေ့ကလည်း အနန့်ပါကျေးရွာတွင် KIO နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြိုဂီတပွဲကျင်းပနေစဉ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားနှင့် KIO အမှုထမ်းများအပါအဝင် လူဦးရေ ၆၀ ကျော် သေဆုံးခဲ့သည်။