အရပ်သားပြည်သူ အစုအပြုံလိုက် သေဆုံးမှုဖြစ်စဉ်တွေအတွက် စစ်ကောင်စီသတင်းမှန် ပြန်ကြားရေးက ဘယ်လိုတုံ့ပြန်ချက်တွေ ပေးခဲ့သလဲ
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
17 October 2023 – Kachinwaves
ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းမှသည် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တဲ့ လူထုကြောင့် တစ်နိုင်ငံလုံးကို စစ်မျက်နှာပြင်ဖွင့်ထားရတဲ့ စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ အရေးမသာတဲ့အတွက် လေကြောင်းနဲ့ အဆမတန်လက်နက်ကြီး ပစ်ခတ်မှုကိုသာ အားပြုပြီး စစ်ဆင်ရေးဆင်နွှဲနေရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လေ့လာကြည့်ရင် စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ် ခွဲခြားခြင်းမရှိဘဲ ပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေကို တွေ့ရပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့မှာ ထုတ်တဲ့ ISP မြန်မာရဲ့ ကပြင်ရပ်ဝန်းစာစောင်အရ အာဏာသိမ်းပြီးနောက် အနည်းဆုံး ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၂ ကြိမ်ရှိခဲ့ပြီး အရပ်သား ၅၀၂ ဦးထက် မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အခုဆောင်းပါးမှာတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှု ကြောင့် အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အချို့အတွက် စစ်ကောင်စီဘက်က ဘယ်လို အကြောင်းပြချက်တွေနဲ့ ငြင်းချက်ထုတ်ခဲ့သလဲဆိုတာကို သုံးသပ်ဖော်ပြသွားပါ့မယ်။
ဧပြီလ ၁၁ ရက်နေ့ကဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု
ကလေးငယ်တွေ အပါအဝင် အရပ်သား တစ်ရာကျော်သေဆုံးခဲ့တဲ့ ပဇီကြီးဖြစ်စဉ်ဟာ ကျေးရွာအုပ်ချုပ် ရေးရုံး ဖွင့်ပွဲပြုလုပ်နေတဲ့အချိန် တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ကောင်စီသတင်းမှန် ပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလေကြောင်းတိုက်ခိုက်မှုက စစ်တပ်ကလုပ်ခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပေမယ့် အရပ်သားသေဆုံးမှုတွေ ဖြစ်ရခြင်းဟာ PDF တွေထောင် ထားတဲ့မိုင်းနဲ့ လက်နက်ခဲယမ်းတိုက် ပေါက်ကွဲတာကြောင့် ဖြစ်တယ်လို့ ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီ ရဲ့ MRTV မှာ ဖြေကြားခဲ့ပါတယ်။
အလားတူ လောလောလတ်လတ် အောက်တိုဘာ ၉ ရက်နေ့ညက လိုင်ဇာမြို့ မုန်လိုက်ခက်စစ်ရှောင်စခန်း မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်လသားကလေးငယ် တစ်ဦး အပါအဝင် ကလေးလူကြီး သုံးဆယ်နီးပါးသေဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကိုလည်း KIA ရဲ့ လက်နက် ခဲယမ်းတိုက် ပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့ မီဒီယာတွေမှာ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေရှင်းချက်ပေးငြင်းဆိုခဲ့ပါတယ်။
သို့ပေမယ့် စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီးဝန်းကျင်တွေမှာ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိပြီး NCA ၈ နှစ်ပြည့် အခမ်းအနားကို ကြီးကြီးကျယ်ကျယ်ကျင်းပနေတဲ့ အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့ များမှာတောင် ကချင်ပြည်နယ်မှာ လေယာဉ်ဗုံးကြဲမှုတွေပြုလုပ်ခဲ့ပြီး ကျေးရွာမီးရှို့မှုတွေကို ကျူးလွန်ခဲ့ တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းကို ဦးတည်ပစ်ခတ်မှုဟာ မြစ်ကြီးနား – ဗန်းမော်လမ်း လိုင်ဇာဒေသဘက်မှာ ၃ လကျော်ကြာလာတဲ့ ထိုးစစ်ဆင်မှု အရေးမသာအကြောင်းမလှဖြစ်နေရတဲ့ အခြေအနေနဲ့လည်း တိုက်ဆိုင်နေပါတယ်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်
ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ရဟတ်ယာဉ်နဲ့ စစ်လက်နက် အင်အား အလွန်အကျွံသုံးပြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တွေ ၇ ဦးအပါအဝင် ပြည်သူ ၁၂ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တုန်းကလည်း PDF တွေက လူသားတံတိုင်းလုပ်ထားတဲ့အတွက် ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်လို့ စစ်ကောင်စီက အဓိပ္ပာယ်မဲ့အကြောင်းပြချက်ပေးပြီး သတင်းစာရှင်းလင်းပွဲမှာ ဖြေရှင်းချက် ပေးခဲ့ပါသေးတယ်။
သို့ပေမယ့် စစ်ကောင်စီရဲ့ဖြေရှင်းချက်အရ ပြန်လည်ကောက်ချက်ဆွဲမယ်ဆိုရင် စစ်ကောင်စီတပ်ဟာ အဆိုပါ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအဆောက်အဦးမှာ ကလေးငယ်နဲ့ အရပ်သားတွေရှိနေခဲ့တာကို သိသိလျက်နဲ့ ပစ်ခတ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့ရပါတယ်။
- ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာခန်းမကို စစ်ကောင်စီတပ် ဗုံးကြဲချခြင်း
အနန့်ပါကျေးရွာခန်းမမှာ KIO နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြိုတေးဂီတ ဖျော်ဖြေပွဲကျင်းပနေတဲ့ အချိန် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် KIO အမှုထမ်းနဲ့ အရပ်သားတွေအပါအဝင် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ပါတယ်။
အနန့်ပါ ဗုံးကြဲခံရပြီးနောက်တစ်ရက်မှာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာ ကသာ၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်မြို့နယ်တွေမှာ စစ်ကောင်စီတပ်စခန်းတွေ အကြိမ်ကြိမ် တိုက်ခိုက်ခံရတဲ့အတွက် စစ်ရေးအရ လက်တုန့်ပြန်ခြင်းသာဖြစ်ပြီး၊ သေဆုံးသူများမှာ ကေအိုင်အေ အရာရှိများသာဖြစ်ပြီး ပြည်သူ သေဆုံးမှုမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
သို့ပေမယ့် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အနန့်ပါဟာ တပ်စခန်းနေရာမဟုတ်ဘဲ ခရီးသွားများ ခေတ္တအနားယူကြ တဲ့ ဈေးဆိုင်တန်းသာဖြစ်တာကို စစ်ကောင်စီတပ်က သိရှိထားလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ KIO က ထုတ်ပြန်ခဲ့ပါတယ်။
KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်ကလည်း “KIO ဗဟိုကော်မတီသည် မြန်မာ အစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့် သူများကိုပင်လျှင် ရန်ဖက်အဖြစ် မသတ်မှတ်ခဲ့ပါ”လို့ ၎င်းရဲ့ ဖေ့ဘုတ်လှုမှုစာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။
ဖြစ်စဉ်တွေကို ခြုံငုံကြည့်ရင် စစ်ကောင်စီအနေနဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာလာတဲ့အခါ အရပ်သား ပြည်သူနဲ့ စစ်ရေးပစ်မှတ်တွေကို ခွဲခြားခြင်းမရှိခြင်းဘဲ အခွင့်ကောင်းယူ အလစ်အငိုက်ဝင်တိုက်တဲ့ လုပ်ရပ် မျိုးဖြစ်တာကို တွေ့မြင်နေရပါတယ်။ စစ်ပွဲအတွင်းမှာတောင် အထူးရှောင်ရှားရမယ့် နေရာတွေဖြစ်တဲ့ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းတွေကို ပစ်ခတ်ခြင်း၊ စစ်ပွဲအတွင်းမဟုတ်ဘဲ လေကြောင်း၊ လက်နက်ကြီး သာလွန်အင်အားဖြင့် စီးနင်းတိုက်ခိုက်ခြင်း စတဲ့အချက်အလက်တွေနဲ့တင် စစ်ကောင်စီဟာ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ညှိစွန်းနေပြီဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ ဘယ်လိုပဲ မုသားစကားတွေနဲ့ စစ်ကောင်စီတပ်က အကြောင်းပြငြင်းချက်ထုတ်ခဲ့ပေမယ့် အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်ဆိုတာ မြန်မာပြည်တွင်းမှာသာမက ကမ္ဘာကပါ သိရှိပြီဖြစ်ပါတယ်။