မြောက်ပိုင်းတိုင်းစစ်ဒေသ၏ ထောက်ပို့တာဝန်ခံတစ်ဦး၊ ကိုသိန်းဇော်ဦး (ခ) ကိုရော့ကတ် သတ်ဖြတ်ခံရ
16 October 2023 – Kachinwaves
မြောက်ပိုင်းတိုင်းစစ်ဒေသ၏ ထောက်ပို့တာဝန်ခံတစ်ဦးဖြစ်သည့် အသက် ၄၁ နှစ်အရွယ်ရှိ ကိုသိန်းဇော်ဦး (ခ) ကိုရော့ကတ်မှာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အောက်တိုဘာလ ၆ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်း၏ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။
အင်းတော်မြို့နယ်မှ ကသာမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့်၊ တပ်မ (၇၇) လက်အောက်ခံ ခမရ (၁၀၁) စစ်ကြောင်းက အဆိုပါထောက်ပို့တာဝန်ခံကို ကမ်းနီကျေးရွာအဝင်တွင် သတ်ဖြတ်ထားခဲ့ခြင်းဖြစ်ကြောင်း ကိုသိန်းဇော်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အဲ့စစ်ကြောင်းက ကသာဘက်ကို သွားချင်တာ။ ဒီကနေပြီးတော့ သတ်ရအောင်လို့ဆိုပြီး ထည့်ပေးလိုက် တာနေမှာ။
သူတို့က ကြက်ကလေး ငှက်ကလေးလိုသတ်ထားတာ ပြီးတော့ သေနေတာတောင် ရဲစခန်းထဲမှာ အေးအေး ဆေးဆေးရှိနေသေးတယ်ဆိုပြီး သတင်းတွေလွင့်နေသေးတာပေါ့”
ကိုသိန်းဇော်ဦးမှာ မြောက်ပိုင်းတိုင်းစစ်ဒေသ (၁)၏ စစ်ထောက်ပို့တပ်တွင် တာဝန်ခံအဖြစ် တာဝန်ထမ်း ဆောင်နေသူဖြစ်ကြောင်း ၎င်းကဆိုသည်။
၎င်းမှာ ဩဂုတ်လ ၁၂ ရက်နေ့တွင် အင်းတော်မြို့ သံလမ်းအကူးတွင်ရှိသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံခဲ့ရပြီးနောက် နီးစပ်သူများက ၎င်း၏အခြေအနေကို လိုက်လံစုံစမ်းခဲ့ရာ စစ်ကောင်စီဘက်မှ ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းဖုံးဖိထားခဲ့ပြီးနောက် နှစ်လအကြာတွင် စစ်ကောင်စီ စစ်ကြောင်းက ဓားဖြင့်အချက်ပေါင်းများစွာထိုးပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်စွာ လုပ်ဆောင်လာပြီး ထောင်ဒဏ်တစ်သက်နှင့် သေဒဏ်ချမှတ် ခံရ သည့် အရပ်သားပြည်သူများလည်း ရှိလာသည်။