ဖားကန့်တွင် ယမန်နေ့တစ်ရက်တည်း လူနှစ်ယောက် သတ်ဖြတ်ခံရ
15 October 2023- Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူကျေးရွာ အုပ်စုအတွင်း ယမန်နေ့က အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။
ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးကို ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်က အမည်မသိ သေနတ်သမားမှ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အဲ့တာခေါင်းကို နှစ်ချက်လို့တော့ကြားတယ်။ ဘယ်လိုအကန့် (ကိစ္စ) ကြောင့် အိမ်ထဲဝင်ပစ်သွားလဲမသိ ဘူး။ သူ့အကြောင်း ဘာမှတော့ မကြားမိဘူး”
သေဆုံးသူမှာ အသက် ၅၀ နှစ်ကျော်အရွယ် ဦးကျော်မင်းဆွေ (ခ) ဖက်တီးဆိုသူဖြစ်ပြီး ယနေ့မွန်းလွဲပိုင်း တွင် ၎င်း၏ရုပ်အလောင်းကို ဖားကန့်သုဿာန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့မွန်းတည့် ၁၂ နာရီဝန်းကျင်ကလည်း ဆိုင်းတောင်ကျေးရွာအုပ်စု၊ ဘွန်နန်ကျေးရွာရှိ မြေစာပုံအောက်တွင် သေလုနီးပါးရိုက်နှက်ခံထားရသည့် အသက် ၃၀ နှစ်ကျော်အရွယ် အမည်မသိ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ဒေသခံကဆိုသည်။
“အဲ့တစ်ယောက်ရိုက်သတ်ခံရတာ။ မနေ့က မသေမရှင်ကြီးဖြစ်နေတာ အဲ့တာကလျှိုထဲမှာ (မြေစာပုံအောက်မှာ) ပစ်ထားတာ။ ၉၀ ရာခိုင်နှုန်းက သေဖို့များတယ်။ မနေ့ကသွားကြည့်တော့ သူကလက် တစ်ဖက်ပဲ လှုပ်နေတာ။ ကျန်တာဘာမှမလှုပ်တော့ဘူး နားထဲကအရိုးတွေလည်း ထွက်နေပြီလေ။ နားရွက်တွေလည်း ကြေနေပြီဆိုတော့”
ရိုက်နှက်ခံရသူကို နယ်မြေခံပရဟိတသမားများက လာရောက်သယ်ဆောင်သွားကြောင်း သိရပြီး နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အောက်တိုဘာ ၁၁ ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု၊ မှော်ဆီဇာကျေးရွာ၊ အောင်သာယာ (၂) ရပ်ကွက်တွင် ကိုအောင်မြင့်သိန်း (ခ) ကိုဖက်တီးဆိုသည့် အမျိုးသားတစ်ဦးမှာလည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
ယခုအောက်တိုဘာလ လဝက်အတွင်း ဖားကန့်မြို့နယ်အတွင်း သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ငါးဦးရှိပြီဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရှိရသည်။