စစ်ကောင်စီ တပ်ရင်းမှူးတစ်ဦး အောင်ဂျာတိုက်ပွဲတွင် စနိုက်ပါဖြင့် ပစ်သတ်ခံရ
16 October 2023 – Kachinwaves
KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်နေသည့် အောင်ဂျာရွာတွင် အောက်တိုဘာလ ၁၃ ရက်နေ့ က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ တပ်ရင်းမှူးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှာ ဦးခေါင်းပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ – ၁၀၃) တောင်တွင်းကြီးတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် မှာ မြစ်ကြီနား – ဗန်းမော်လမ်းပိုင်းရှိ လိုင်လွမ်အောင်ဂျာတပ်စခန်းအနီး၌ ဖြစ်ပွားသည့်တိုက်ပွဲတွင် ၎င်း၏ဦးခေါင်းကို စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်း သတင်းနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။
သေဆုံးသွားသည့် အသက် ၄၁ နှစ်အရွယ် ဒုတိယ ဗိုလ်မှူးကြီး သက်အောင်အောင်မှာ စစ်တက္ကသိုလ် အပတ်စဉ် (၄၆) ကျောင်းဆင်းဖြစ်ပြီး နာဂဒေသ၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် မော်လမြိုင်တို့တွင် ဗိုလ်ကြီးအဆင့်၊ ဗိုလ်မှူးအဆင့်တို့ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
၎င်းဦးဆောင်သည့် စစ်ကြောင်းမှာ လိုင်လွမ်အောင်ဂျာအနီးတွင် လွန်ခဲ့သည့်နှစ်လကျော်က ပိတ်မိနေခဲ့သည့် စစ် ကြောင်းဖြစ်ပြီး ဖောက်ထွက်ရန်ကြိုးပမ်းခဲ့ရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီ ဒုဗိုလ်မှူးကြီး ပစ်ခတ်ခံရသည့် အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းတွင် တိုက် လေယာဉ် နှစ်စင်းဖြင့် လိုင်လွမ်အောင်ဂျာအနီးကို လာရောက်ပစ်ခတ်ခဲ့ပြီး ညပိုင်းတွင် စစ်ကောင်စီ အထိုင်ချထားသည့် ခါရာတောင်ဘက်မှ မုန်လိုင်ခက်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ကြောင်းလည်း သိရသည်။