ဖားကန့် လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်း မအူပင်ကျေးရွာရှိ လူနေအိမ်ကို မီးရှို့ဖျက်ဆီး
14 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဖားကန့် ကားလမ်းမပေါ်ရှိ မအူပင်ကျေးရွာတွင် ယနေ့နံနက် ၉ နာရီက စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
နန့်ယားစစ်စခန်းမှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းက မအူပင်ကျေးရွာမှ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
“သူတို့က မိုင်းဆွဲခံလိုက်ရလို့ အိမ်တွေမီးရှို့တာ။ မီးရှို့ခံလိုက်ရတဲ့အိမ်တွေက အဲ့ဒီမိုင်းဆွဲခံရတဲ့ နေရာအနီး နားက အိမ်တွေလို့ ပြောတယ်”
အရပ်သားနေအိမ်နှစ်လုံးကို မီးရှို့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်ကို မွေနှောက်ဖျက်ဆီးသွား ပြီး အရပ်သားပိုင် အိမ်မွေးတိရစ္ဆာန် ဝက်တစ်ကောင်ကိုလည်း ပစ်သတ်သွားကြောင်း သိရှိရသည်။
“အိမ်မီးရှို့တာရယ် ပြီးတော့အဲ့ကရွာလူကြီးရဲ့ သော့ခတ်ထားတဲ့အိမ်မှာ အကုန်လုံးရိုက်ဖွင့်ပြီးမှ ဘာယူတယ် ဆိုတာတော့ မသိဘူး။ တံခါးတွေဘာတွေတော့ ရိုက်ချိုးလိုက်တယ်။ မီးရှို့တဲ့အိမ်နားမှာ ဝက်တစ်ကောင် ပစ် သတ်ထားတယ်”
ထို့နောက် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကာမိုင်းမြို့ဘက်သို့ လက်နက်ငယ်များ ရမ်းသမ်းပစ် ဖောက်လျက် ဆက်လက်ထွက်ခွါသွားကြောင်း သိရှိရသည်။
ထိတွေ့မှုဖြစ်ပွါးချိန် ဖားကန့် – ကာမိုင်းလမ်းကို ယာယီပိတ်ဆို့ထားသော်လည်း ယခုလက်ရှိ လမ်းပိုင်းကိုပြန် လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။