မအူပင်ရွာမီးရှို့ဖျက်ဆီးခံရပြီး လယ်သမားတစ်ဦး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံး
14 October 2023 – Kachinwaves
ဖားကန့်လမ်းတွင် ယနေ့ နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် မအူပင်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး၊ ကာမိုင်းမြို့ဗျူဟာတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် လယ်သမားတစ်ဦး ထိခိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။
နန့်ယားစစ်စခန်းမှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA တပ်ဖွဲ့က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက မအူပင်ကျေးရွာမှ အရပ်သားလူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း မအူပင်ရွာမှ ကျေးရွာနေအိမ် ၁၁ အိမ်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဆိုသည်။
ထို့အပြင် ကာမိုင်းမြို့ စစ်ကောင်စီဗျူဟာတပ်မှ ယနေ့ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီး ကာမိုင်း မြို့အနီး ရေကာတာနှင့် ကုလားရွာကြားရှိ လယ်တောထဲကျရောက်ပေါက်ကွဲခဲ့၍ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကျေးရွာနေအိမ်မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ ပစ္စည်းဥစ္စာများကို သိမ်းယူခြင်းနှင့် အရပ်သားနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ပြုလုပ်နေသည့် သတင်းများ ဆက်တိုက် ကြား သိနေရသည်။