တရုတ်နဲ့ မြန်မာနယ်စပ် ဂျေယန့်ချောင်းကို ဖြတ်ကူးသည့် အမျိုးသမီးတစ်ဦး နေနစ်သေဆုံးခဲ့
13 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ တရုတ် – မြန်မာနယ်စပ် လိုင်ဇာအနီး ဖုန်လုံယန်တွင် ယမန်နေ့နံနက် ၈ နာရီဝန်းကျင်က ဂျေယန့်ချောင်းကိုဖြတ်ကူးလာသည့် အမျိုးသမီးတစ်ဦး ချောင်းဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
လိုင်ဇာမြို့အနီး ဖုန်လုံယန် စစ်ရှောင်စခန်းအနီး တရုတ်ပြည်ဘက်မှ ဂျေယန့်ချောင်းကို ဖြတ်ကူးလာစဉ် ရေထဲမျှောပါသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ရေနစ်သေဆုံးတာ ဖုန်လုံယန် (စစ်ရှောင်စခန်း) နားက ဂျေယန့်ချောင်းမှာ ဟိုဘက်ကမ်း (တရုတ်ဘက်) က ကူးလာတာ အဲ့အမျိုးသမီးက”
ယခုရက်ပိုင်းအတွင်း တရုတ်မြန်မာနယ်စပ် လိုင်ဇာဒေသတွင် မိုးရွာသွန်းနေသဖြင့် ချောင်းရေစီးသန်နေပြီး ရေစီးအရှိန်ကြောင့် မျှောပါသေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
တရုတ်ဘက်ခြမ်းရှိ ငရုပ်ကောင်းစိုက်ခင်းများသို့ မြန်မာနိုင်ငံဘက်မှ ပြည်သူများ သွားရောက်လုပ်ကိုင်လေ့ရှိ ကြောင်း သိရသည်။
ဂျေယန့်ချောင်းသည် မုန်းလဲချောင်းနှင့် ပြန်လည်ဆုံစီးသည့် ချောင်းဖြစ်ပြီး မုန်းလဲချောင်းတွင် နှစ်စဉ်လိုလို ရေနစ်သေဆုံးမှု ဖြစ်ပွားလျက်ရှိသည်။