မိုးမောက်မြို့နယ် လုံဂျွန်ယန်ရွာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာ ၆ ရွာမှ ပြည်သူများ တောတောင်များမှာ ပုန်းရှောင်နေရ၍ အစားအသောက် ခက်ခဲနေ
13 October 2023 – Kachinwaves
မိုးမောက်မြို့နယ်မှ နေအိမ် ၁၅ အိမ်ခန့်ရှိသည့် လုံဂျွန်ယန်ရွာကို နေအိမ် ၂ လုံးပဲကျန်သည့်အထိ စစ်ကောင်စီ စစ်ကြောင်းက ယမန်နေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာပေါင်း ၆ ရွာခန့်မှ ပြည်သူများ တိမ်းရှောင်နေရကာ အစားအသောက်ပြတ်လပ်လာ၍ အခက်အခဲဖြစ်နေကြကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အောက်တိုဘာ ၈ ရက်နေ့ကနေ ရှောင်းပုန်နေတာ အခု အစားအသောက်တွေမရလို့ ခက်ခဲနေကြတယ်။ ပြီးတော့ အထက်ဆားကျွန်းနဲ့ အောက်ဆားကျွန်းရွာက အိမ်ထောင်စု ၉၀ ကျော် မုန်းလဲချောင်းရဲ့ တစ်ဖက်ကမ်း တောတောင်မှာပဲ ပုန်းရှောင်နေတာ၊ အခု လုံဂျွန်ယန်ဆိုတဲ့ ၁၅ အိမ် ခန့်ရှိတဲ့ ရွာက ၂ အိမ်ပဲကျန်တာပေါ့ မီးလောင်သွားတာ။”ဟု သတင်းရင်းမြစ်က ပြောသည်။
မိုးမောက်မြို့နယ်အတွင်းက ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေတစ်ရာကျော်ရှိသည့် နောင်ကွမ်ကျေးရွာ ပြည်သူများလည်း တိမ်းရှောင်နေကြရကြောင်းလည်း ပြောသည်။
စစ်ကောင်စီစစ်ကြောင်းများသည် ၎င်းတို့ဖြတ်သန်းသွားသော ကျေးရွာ ၆ ရွာခန့်မှ နေအိမ်များရှိ အဝတ် အစား၊ ဆန်နှင့် ဆီများကို သိမ်းယူသွားကြောင်းလည်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းမကြားတည်ရှိသည့် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန် နေသည်မှာ ၃ လကျော်လာပြီဖြစ်ပြီး မိုးမောက်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အစပ် လိုင်လွမ်အောင်ဂျာတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။