ရွှေကူတွင် ရွှေမော်တော်ယာဉ် (စက်လှေ)များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
13 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေတူးဖော်နေသည့် ရွှေတူးစက်လှေ (ရွှေမော်တော်ယာဉ်)များကို စစ်ကောင်စီတပ်က ယမန်နေ့ညနေ ၄ နာရီဝန်းကျင်က မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်၊ အမှတ် (၁) ခုံခမ်းရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်တွင် ရွှေတူးဖော်နေသည့် စက်လှေလေးစီးမှာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ရွှေကူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အိမ်နားမှာ မိုးရွာရွာကြားထဲ မီးခိုးတွေမှောင်နေတာပဲ။ အစ်မတို့နားမှာပဲ ထင်တယ်”
ရွှေကူနယ်မြေခံ စစ်တပ်ဖြစ်သည့် ခမရ (၅၆) နှင့် ခလရ (၆၀၂) တပ်များက အဆိုပါရွှေစက်လှေများကို မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း ရွှေကူ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူတို့ မနေ့က ရွှေမော်တော်တွေ မီးရှို့တဲ့အချိန်တုန်းကတော့ မြို့ထဲက သင်္ဘောဆိပ်မှာ လုံခြုံရေး အများကြီးချထားတယ် ပြောတာပဲ”
ရွှေတူးစက်လှေပေါ်တွင် အလုပ်လုပ်ကိုင်သည့် အရပ်သားပြည်သူ ငါးဦးထက်မနည်းကိုလည်း စစ်ကောင်စီ တပ်က ဖမ်းဆီးသွားပြီး ရွှေကူရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ကသာဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာ သည့် သံခွန်များတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဧရာဝတီမြစ်အတွင်း ရွှေတူးသည့် မော်တော်ယာဉ်အစီး ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။