မိုးကောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးပစ်သတ်ခံရ
5 October 2023- Kachinwaves
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ည ၇ နာရီဝန်းကျင်က ရေရှင်ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရကြောင်း သိရသည်။
မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာအုပ်စု၊ စံပါလီကျေးရွာနှင့် ရွာသစ်ကျေးရွာအကြားရှိ အုပ်ချုပ်ရေးမှူး ၏နေအိမ်တွင် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းတစ်ခုက လာရောက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူ့အိမ်ရှေ့မှာ ဘယ်အဖွဲ့အစည်းက မှန်းမသိရဘူး၊ လာရောက်ပစ်ခတ် သတ်ဖြတ်သွားကြတယ်။ သေနတ်သံ သုံးချက်ကြားပြီး၊ သူ့သားကအပြင်ထွက်ကြည့်မှ သူ့အဖေလဲှနေတာတွေ့တာနဲ့ ကားနဲ့တင်ပြီး မိုးကောင်းဆေးရုံအပို့မှာ လမ်းတင် ဆုံးသွားတယ်”
သေဆုံးသူမှာ အသက် ၅၀ နှစ်ကျော်အရွယ် ရေရှင်ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ကိုလှထွန်းဆိုသူဖြစ် ကြောင်း သိရှိရသည်။
ပစ်ခတ်မှုဖြစ်ပွါးခဲ့သည့်နေရာသည် အမှတ် (၃) စစ်တပ်ကွပ်ကဲရေး ဌာနချုပ်၊ အမှတ် ၃၈၁၊ ၃၈၂၊ ၃၉၀ နှင့် ဒရုန်းတပ်များ အနီးတွင် တည်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့တွင် ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းကြိုလာသည့် စစ်ကားပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်းရှိသည်။