အင်းတော်မြို့နယ်တွင် အရပ်သားပြည်သူသုံးဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရ
5 October 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ယမန်နေ့ညက အရပ်သားပြည်သူသုံးဦးကို စစ်ကောင်စီတပ်က ယမန်နေ့ည ၁၀ နာရီဝန်းကျင်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အင်းတော်မြို့၊ ညောင်ပင်စုရပ်ကွက်ရှိ နေအိမ်သို့ ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး မိသားစုဝင်သုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဖမ်းခံရတဲ့သူတွေက မိသားစုတစ်ခုထဲကပဲ။ ညတုန်းက သေနတ်တွေ ဖောက်ပြီးတော့ ဖမ်းတာတဲ့။ သူတို့ဖမ်းချင်တဲ့ သူကတစ်ယောက်တဲ့။ သူတို့ဖမ်းချင်တဲ့သူကို မဖမ်းမိတော့ ကျန်တဲ့သူတွေကို ဖမ်းသွားတာလို့ ပြောတာပဲ”
ဖမ်းဆီးခံရသူများမှာ အသက် ၃၀ နှစ်ကျော်နှင့် ၅၀ နှစ်ကျော်အရွယ် အမျိုးသမီးနှစ်ဦးနှင့် အသက် ၄၀ နှစ် ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက်နေ့ကလည်း အသက် ၃၀ နှစ်ကျော်အရွယ် CDM ဆရာမ ဒေါ်မေသူဆိုသူမှာ စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းကဆိုသည်။
အင်းတော် – ဗန်းမောက်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရေးလုပ်ဆောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက်ပိုင်း အခြေအနေကို မသိရှိရဘဲ အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရ သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစပြီး အင်းတော်မြို့နယ်အတွင်း အရပ်သားပြည်သူများ ဆက်တိုက်ဆိုသလို ဖမ်း ဆီးခံနေရပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံရသည့် ပြည်သူများ ဆယ်ဦးထက်မနည်း ရှိလာ ပြီဖြစ်ကြောင်း Indaw Revolution (IR) ဖေ့ဘုတ်လူမှုစာမျက်နှာတွင် ဖော်ပြခဲ့သည်။