KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လိုင်ဇာအနီးဝန်းကျင်သို့ လက်နက်ကြီးလှမ်းပစ်
5 October 2023 – Kachinwaves
ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ ယမန်နေ့ည ၉ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
လိုင်ဇာမြို့အနီးတွင် လက်နက်ကြီးပေါက်ကွဲသံများ ကျယ်လောင်စွာကြားခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လက်နက်ကြီးတွေပဲ နားကိုမနားဘူး အသံတွေ။ အသံတွေကတအားကျယ်လို့ အခန်းမှာ မီးပိတ်ပြီးနေနေတာ”
မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ ကဇူးကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ညက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသနှင့် နီးစပ်သူထံမှ သိရသည်။
စက်တင်ဘာ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ် အထိုင်ချထားသည့် ခါရာတောင်မှ လက်နက်ကြီးများ လိုင်ဇာမြို့အနီးရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ ဗိုလ်ကြီးတစ်ဦးသေဆုံးပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ လိုင်ဇာဒေသတွင် တိုက်ပွဲဖြစ်ပွားနေ သည် မှာ သုံးလကျော်ကြာမြင့်ပြီဖြစ်ပြီး တိုက်ပွဲမှာ ရှည်ကြာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက Kachinwaves ကို ဖြေကြားခဲ့ဖူးသည်။