ဖားကန့်တွင် လူနှစ်ယောက် လက်သည်မပေါ်ဘဲ ပစ်သတ်ခံရပြန်
5 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်က အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။
ဖားကန့်မြို့၊ မမုံကျေးရွာ ထွန်းဆီဆိုင်ရှေ့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မျက်မြင်တွေ့ရှိသူ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဆီထည့်နေတာ သူတို့က ကျွန်မတို့နဲ့ နည်းနည်းလှမ်းတယ်။ ဆီဆိုင်မှာ သူတို့ကလည်း ဆီထည့်နေတာ။ အဲ့ဒီမှာ ပစ်သွားတာလေ”
သေဆုံးသူမှာ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏အမည်ကို မသိရှိရသေးပါ။
အလားတူ ဖားပြင်ကျေးရွာအဝင် ဥရုချောင်းဘေးတွင်လည်း ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ၎င်းက ပြောသည်။
“အိမ်ဘေးကမောင်လေးက ဖားကန့်ဘက်ကိုသွားတာ။ အဲ့နားရောက်တော့ အသံနှစ်ချက်ကြားလိုက် တယ် တဲ့။ ဆိုင်ကယ်ဘီးပေါက်တာလို့ ထင်လိုက်တာတဲ့။ ရှေ့သွားကြည့်မှ ဈေးသည်၊ မုန့်ပို့တဲ့သူလို့ ထင်တယ်တဲ့”
သေဆုံးသူမှာ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်တွင် နေထိုင်သည့် ဦးစန်းမြင့်ဆိုသူဖြစ်ကြောင်း သိရှိရပြီး အကြော်စုံမုန့်များ လိုက်လံရောင်းချသူဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဖားကန့်မြို့၊ ကုဋေမှော်ကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရသလို အောက်တိုဘာလ ၁ ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု ကထန်ကျေးရွာသွားလမ်းတွင် ရေခဲချောင်းသည်တစ်ဦး ပစ်သတ်ခံရသည့် ဖြစ်စဉ်များရှိခဲ့သည်။
စစ်တပ်က အာဏာသိမ်းသည့်နောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း လက်သည်မပေါ်သည့် ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများ အဖြစ်များလာပြီး ၂၀၂၂ နှောင်းပိုင်းမှစပြီး လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွား သည့် အကြိမ်လည်း စိပ်လာသည်။