မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်၊ ဓါးထိုးခံရပြီး သေဆုံး
5 October 2023- Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်တွင် ယမန်နေ့ညဦးပိုင်းက အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုသတ်ဖြတ်ခံရကြောင်း သိရသည်။
ဗလမင်းထင်တံတားအောက်ဘက်လမ်းမှ ရွှေစက်ရပ်ကွက်သို့ သွားရာလမ်းပိုင်းတွင် အမျိုးသမီးတစ်ဦး လည်ပင်းထိုးသွင်းခံရသည့် ဓားဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း မြစ်ကြီးနားဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
“သူက သူ့အမေနေမကောင်းတော့ ဆေးသွားဝယ်တဲ့အချိန်မှာ ဖြစ်သွားတာတဲ့။ ဆိုင်ကယ်လုခံရပြီးမှ သေသွားတာ။ လည်ပင်းကို ၇ ချက်လောက် ထိုးခံရတာ”
သေဆုံးသူမှာ အသက်သုံးဆယ်ကျော်အရွယ် အငိုင်း (အိမ်နာမည်) ဆိုသူဖြစ်ပြီး ရွှေစက်ရပ်ကွက် အပိုင်း (၁၁) ဒေသအခေါ်တွင် ဆန်တိုဟူး၊ ဝမ်းတိုဟူး၊ ခေါက်ဆွဲသုပ် ရောင်းချသည့် အိမ်ဆိုင်ဖွင့်ထား သူဖြစ် ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့နယ်တွင် တရားဥပဒေစိုးမိုးမှု အားနည်းလာသည့် အပြင် လောင်းကစားနှင့် မူးယစ်ဆေးသုံးစွဲမှုလည်း ထင်သာမြင်သာရှိလာပြီး ခိုးမှု၊ လုယက် သတ်ဖြတ် မှုဖြစ်စဉ်များလည်း အဖြစ်များလာသည်။