ပျူစောထီးပူးပေါင်းပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ABSDF တို့ အင်းတော်မြို့နယ်၊ သောင်ကြီးကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်
4 October 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ သောင်ကြီးကျေးရွာအနီးတွင် ယနေ့နံနက် ၈ နာရီက စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်မှ အင်းတော်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် ခမရ (၁၀၁) စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းတို့ သောင်ကြီးကျေးရွာအနီးတွင် ABSDF တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ နှစ်ဖက်ထိခိုက်မှုများရှိကြောင်း ABSDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်
“တိုက်ပွဲအခြေအနေက ABSDF ဘက်က လေးယောက်လောက်တော့ မစိုးရိမ်ရဒဏ်ရာရတယ်။
စစ်ကောင်စီဘက်ကတော့ ဆယ်ယောက်လောက်တော့ သေသွားနိုင်တယ်။”
စစ်ကောင်စီဘက်မှ ဆယ်ယောက်သေဆုံးသည်ကို Kachinwaves အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
တိုက်ပွဲဖြစ်ပွါးပြီးနောက် ရဟတ်ယာဉ်တစ်စီးဖြင့် စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရသူအချို့ကို ဗန်းမောက် ဘက်သို့ သယ်ဆောင်သွားကြောင်း ၎င်းကပြောသည်။
ယခုလက်ရှိ သောင်ကြီးကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲနေသည့်အတွက် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက်နေ့ကလည်း အင်းတော်မြို့နယ်၊ နဘားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့သည်။