ဆိုင်းတောင်တိုက်ပွဲသည် KTV သွားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က လက်နက်နှင့် ကားများ သိမ်းဆည်းရမိခဲ့သည်ဟုဆို
4 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာအတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲ တွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က လက်နက်များ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က ဆိုင်းတောင်ကျေးရွာတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် အိမ်စီးကားနှင့် KTV သွားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KPDF တစ်ဦးက ဆိုသည်။
“ဒီကောင်တွေ အိမ်စီးကားနဲ့ KTV သွားချိန်ကို ဆွဲတာ။ အဲ့မှာလူတွေမိလို့ ပြန်လာထုတ်ရင်းနဲ့ ပွဲကကြီးသွား တာပါ”
ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီထိ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီ ဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ကျန်ခဲ့သည့် အိမ်စီးကားတစ်စီးကို သွားရောက်သိမ်းယူရာမှ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သေးကြောင်း ၎င်းကဆိုသည်။
နေ့ခင်းပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများရှိကြောင်း ၎င်းကဆက် ပြောသည်။
“စကစဘက်က သေတာတော့ရှိပါတယ်။ လူတွေကိုကားထဲကနေ ဆွဲထုတ်၊ တင်တယ်လို့ ပြောတယ်။ အလောင်းတွေတော့ ပြန်သယ်သွားပါတယ်။ တချို့ဒဏ်ရာနဲ့ ပြေးတဲ့ကောင်တွေရှိတယ်လို့ အနီးမှာ တွေ့တဲ့သူတွေပြောတယ်”
ညနေပိုင်း ထပ်မံဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် ဆိုင်းတောင် ရပ်ကွက် (၁) မှ အရပ်သားပြည်သူ အမျိုးသား တစ်ဦး သေနတ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ထံမှ ပါဂျဲရိုနှင့် ဟိုင်းလတ်အမျိုးအစား ကားနှစ်စီးရရှိခဲ့ပြီး သေနတ်သုံးလက် သိမ်းဆည်း ရမိကြောင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ပွဲမှာကျေးရွာအတွင်းဖြစ်ပွားခဲ့သည့်အတွက် လူနေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီးပြီး နေအိမ်တစ်လုံးမှာ လက်နက်ကြီးကျပေါက်ကွဲရာမှ မီးလောင်ပျက်စီးခဲ့သည်။