မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း စခန်းသိမ်းခံရသည့်နေရာတွင် ဂျက်တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေ
2 October 2023 – Kachinwaves
မြစ်ကြီးနား – ဗန်မော်လမ်းပိုင်း နှစ်နေရာ၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ်ဆန်ယန်ကျေးရွာအနီး လိုင်လွမ်နှင့် အောင်ဂျာရွာတစ်လျှောက်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စင်းဖြင့် သုံးကြိမ် ဗုံးကြဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုမတိုင်မီ ယနေ့ အောက်တိုဘာ ၂ ရက်နေ့ နံနက်အစောပိုင်းကတည်းက KIA နှင့် စစ်ကောင်စီတပ်တို့က နှစ်ဖက် လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ ပြီး နောက် နံနက် ၆ နာရီနှင့် ၉ နာရီအတွင်း ဂျက်တိုက်လေယာဉ် ၃ စင်းဖြင့်သုံးကြိမ် လာရောက်တိုက်ခိုက် ခြင်းဖြစ်ကြောင်း ကေအိုင်အေ သတင်းရင်းမြစ်အရ သိရသည်။
ထို့အပြင် ယနေ့တစ်ရက်တည်းမှာပဲ မြစ်ကြီးနား – ဗန်းမော်ကားလမ်း မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာ အထက်၌လည်း စစ်ကောင်စီတပ်နှင့် KIA အမှတ် ၂၅ လှုပ်ရှားတပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိ ရသည်။
စက်တင်ဘာ ၃၀ ရက်နေ့ကလည်း အဆိုပါ မိုးမောက်မြို့နယ် နွမ်လန်းနှင့် ဝူထန်ယန်ကျေးရွာကြားတွင် စစ်ကောင်စီတပ် ခမရ ၄၃၇ တပ်ရင်း စစ်ကြောင်းတစ်ခုနှင့် KIA တပ်ရင်း ၂၅ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်။
စစ်ကောင်စီတပ်က ယနေ့ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့် လိုင်လွမ်၊ အောင်ဂျာ ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၁၇ ရက်နေ့က KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ဖို့ စစ်ကောင်စီစစ်ကြောင်းများ ဆက်တိုက်ထိုးနေ၍ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုရက်ပိုင်းမှာ ဖြေကြားခဲ့ပါသည်။
စက်တင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်၌လည်း နမ်ဆန်ယန်ကျေးရွာနှင့် လိုင်လွမ်၊ အောင်ဂျာရွာ တစ်လျှောက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုခဲ့သည်။
KIA ဗဟိုဌာနချုပ် တပ်မဟာ ၅၊ လိုင်ဇာနယ်မြေအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားလာပြီး ဇူလိုင်လ ၃ ရက်နေ့က နမ်ဆန်ယန်ကျေးရွာအနီး၌ နှစ်ဖက်တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်ပြီး ၃ လကြာတိုက်ပွဲ အခြေအနေ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။