ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို မြို့လှ KPDF က ဒရုန်းဖြင့် တိုက်ခိုက်
2 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီရဲစခန်းကို မြို့လှ KPDF တပ်ဖွဲ့က ယမန်နေ့ည ၈ နာရီ ဝန်းကျင်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးကျေးရွာအလယ်တွင်ရှိသည့် ရဲစခန်းကို မြို့လှ KPDF တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးခြောက်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိနိုင်ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အထိအခိုက်က ထိတယ်။ ထိလို့ရမ်းပစ်တယ်ညက။ ထိလည်း စခန်းထဲမှာကြိတ်ကုရမယ့် သဘောရှိတယ်။ အပြင်မထွက်သေးဘူး။”ဟု ပြောသည်။
ဗုံးချခဲ့ပြီးနောက် ရဲစခန်းတွင်းမှ သေနတ်ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံထံမှ သိရသည်။
စစ်ကောင်စီတပ်အထိုင်ချသည့် နေရာများတွင် ယခုကဲ့သို့ ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းကို မကြာခဏ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြို့လှ KPDF က ဆိုသည်။
စက်တင်ဘာ ၁ ရက်နေ့ကလည်း အဆိုပါရဲစခန်းကို မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အရှင်ဖမ်းမိပြီး လက်နက်များလည်း သိမ်းဆည်းရမိကြောင်း သိရသည်။