အင်းတော်မြို့ ပင့်တင်ကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး ဓားဒဏ်ရာများဖြင့် ပျံလွန်တော်မူ
2 October 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပင့်တင်ကျေးရွာ ဘုန်းကြီးကျောင်းမှ ပျောက်ဆုံးသွားသည့် ကျောင်းထိုင်ဘုန်းကြီး ဓားဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည်ကို ယမန်နေ့က တွေ့ရှိရကြောင်း သိရသည်။
စက်တင်ဘာ ၂၅ ရက်နေ့က ပျောက်ဆုံးသွားသည့် ပင့်တင်ကျေးရွာ ကျောင်းထိုင်ဘုန်းကြီး၏ ရုပ်ကလပ်ကို ပင့်တင်ရွာနှင့် သုံးမိုင်ခန့်အကွာရှိ ပင်ဝယ်ကျေးရွာအနီးတွင် တွေ့ရှိရသည်ဟု အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မျက်မြင်တစ်ယောက် ပြောခဲ့တာတော့ ဘုန်းကြီးကိုက လက်ပြန်ကြိုးတုပ်ထားတာတဲ့။ ဓားနဲ့အစိတ်စိတ်မွှာမွှာပဲ သတ်ထားတာတဲ့။ အငြိုးနဲ့ သတ်ထားသလိုကြီး” သတ်ဖြတ်ခံရသည့် ဆရာတော်ဦးဉာဏ်ဓိကမှာ သက်တော် ၅၃ နှစ်ရှိသည်ဟု သိရသည်။
ကျောင်းထိုင်ဆရာတော် သတ်ဖြတ်မှုကို မည်သူ၊ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း Kachinwaves အနေဖြင့် သီးခြားအတည် မပြုနိုင်ပါ။
ဝမ်းဗိုက်တွင် ဓားထိုးသွင်းခံရသည့် ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည့် ဆရာတော်ဦးဉာဏ်ဓိက၏ ရုပ်ကလပ်ေတာ်ကို ကျေးရွာနေပြည်သူများက ယမန်နေ့က မီးရှို့သင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၅ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် ကျောင်းထိုင် ဆရာတော်တစ်ပါး ပျံလွန်ပြီးကပ္ပိယတစ်ဦးသေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။