တရားမဝင် ရွှေတူးဖော်မှုတွေနဲ့ သစ်တောပြုန်းတီးလာမှုတွေကြောင့် အင်းတော်ကြီးဒေသခံတွေ ကြုံတွေ့လာရတဲ့ ပြဿနာ
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
26 September 2023 – Kachinwaves
ယခုနှစ် ဇူလိုင်လနှောင်းပိုင်းနဲ့ ဩဂုတ်လအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေဟာ အင်းတော်ကြီး ဒေသအတွက် တစ်သက်မှာ တစ်ခါမှမကြုံဖူးတဲ့ စံချိန်တင်ရေကြီးမှုဖြစ်တယ်လို့ အသက် ၅၀ နှစ်ကျော် အရွယ် နမ့်မွန်းရွာဒေသခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြု ပြောဆိုလာပါတယ်။
ကချင်ပြည်နယ် အင်းတော်ကြီးဒေသဟာ အရှေ့တောင်အာရှရဲ့ တတိယ အကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသ အဖြစ် သတ်မှတ်ခံထားရပြီး အင်းတော်ကြီး ဘေးမဲ့တောကို မြန်မာအစိုးရက ၁၉၉၉ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ ဒါ့အပြင် အလျား (၁၄) မိုင် အနံ (၇) မိုင်ရှိပြီး အာဆီယံ အမွေအနှစ် စာရင်းဝင်တဲ့ အင်းတော်ကြီးကန်ရှိတဲ့ ဒေသဖြစ်ပါတယ်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ဇီဝအဝန်းနယ်မြေအဖြစ် ၂၀၁၇ ခုနှစ်က သတ်မှတ်ခဲ့ပြီး ဘေးမဲ့တောဧရိယာ ဧက တစ်သိန်းရှစ်ထောင်ကျော်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဖြစ်တဲ့ အင်းတော်ကြီးကန်က ဧက ၃၀,၀၀၀ လောက် ဖုံးလွှမ်းထားပါတယ်။ အင်းတော်ကြီး ဘေးမဲ့တော အတွင်း မျိုးသုဉ်းမယ့် အန္တရာယ်ရှိနေတဲ့ ငှက်မျိုးစိတ် ၁၀ ခု အပါအဝင် နှစ်စဉ်ဆောင်းခိုငှက် ၂၀၀၀၀ ကျော် ဝင်ရောက်လေ့ရှိတဲ့ နေရာလည်း ဖြစ်ကြောင်း သိရပါတယ်။
ယခုနှစ် မိုးရွာသွန်းမှုမှာ တောင်တွေပြိုပြီး တောင်ကျရေနဲ့အတူ ပါလာတဲ့မြေစိုင်မြေခဲတွေဟာ ဒေသခံတွေရဲ့ လယ်ယာမြေတွေအပေါ် ဖုံးလွှမ်းသွားပြီး လယ်ယာမြေစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့သလို ရေအရင်းအမြစ်ဆိုင်ရာ ပြဿနာတွေလည်း တွေ့ကြုံလာရကြောင်း ဒေသခံတွေက ပြောလာကြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အင်တော်ကြီးဒေသအတွင်း အထိန်းအကွပ်မဲ့တဲ့ ရွှေတူးဖော်မှုတွေနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် အခုလို နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာရတယ်လို့ ဒေသခံတွေက ၎င်းတို့ရဲ့ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပြောဆိုကြပါတယ်။
အင်းတော်ကြီးဒေသမှာ ယခင်ကတည်းက တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တဲ့ လက်လုပ်ကျင်းတွေ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်ယန္တယားကြီးတွေသုံးပြီး အဆမတန် ရွှေတူးဖော်မှုတွေ ပြုလုပ်လာ ကြတဲ့အကြောင်း ကချင်ဒေသ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အင်းတော်ကြီးဒေသက ကျေးရွာတွေဖြစ်တဲ့ မမုံကိုင်၊ မိုင်းနောင်၊ လုံးတုံစတဲ့ ကျေးရွာတွေမှာဆိုရင် ရွှေတူးဖော်တဲ့ လုပ်ကွက်တွေကိုလည်း လူနေအိမ်ခြေတွေရှိတဲ့ ကျေးရွာအနီးနားတွေအထိ စည်းလွတ် ဝါးလွတ် တိုးချဲ့လုပ်ကိုင်လာတဲ့အပြင် ပေ ၆၀ အနက်ထိ တူးဖော်မှုတွေကြောင့် သောက်သုံးရေအတွက် ခက်ခဲလာတယ်လို့လည်း အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေက တရားမဝင် ရွှေတူးဖော်ရာကနေ မြေအောက်ရေကြောတွေ ပြတ်ထွက် ကုန်တာကြောင့် ဖြစ်ရတယ်လို့ ကချင် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူတစ်ဦးက အခုလိုဆို ပါတယ်။
“အရမ်းနက်အောင် တူးစရာမလိုတဲ့ နေရာမှာဆိုရင် ပိုပြီးမှနက်အောင် ထပ်တူးရတာမျိုး ဒီလိုမျိုးပေါ့နော် ရေတွေရဲ့စုပုံမှု၊ ဂေဟစနစ်ပါ ပြောင်းလဲသွားတဲ့ အနေအထား။ အရင်တုန်းက လွယ်လွယ်နဲ့တူးပြီး ရေထွက်တဲ့အချိန် ခုနောက်ပိုင်းကတော့ မထွက်လာနိုင်တော့ဘူး။ သူ့ရဲ့မြေအနေအထားတွေကလည်း၊ ရေထွက်ရှိမှု အနေအထားတွေကလည်း ပြောင်းလဲသွားတယ်ပေါ့နော်။ အဲ့ဒီလိုနဲ့ရေချိုရနိုင်တဲ့ အခက်အခဲတွေ ဆုံးရှုံးတယ်”
ဒီနှစ် မိုးတွင်းကာလက ဆိုးဝါးတဲ့ ရေကြီးရေလွှမ်းမှုဒဏ်ကို ခံစားခဲ့ရတဲ့အကြောင်းအရင်းကလည်း ချောင်းဖျားမှာ ရွှေတူးဖော်မှု လုပ်ကိုင်တာတွေနဲ့ တောင်ဂတုံးတွေဖြစ်တဲ့အထိ သစ်ခုတ်တာတွေကြောင့် ဖြစ်တယ်လို့ နမ့်မွန်းဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်ကို အသံအစားထိုး ဖတ်ကြားထားပါတယ်။
“အဓိက အကြောင်းရင်းကတော့ ချောင်းဖျားမှာ ကျောက်ခဲတွေထုတ်ယူတာနဲ့ ရွှေတွေလုပ်တော့ သဲတွေက အရံအတားမရှိ စီးဆင်းလာတယ်။ ချောင်းကကောပြီး မြို့ထဲကလမ်းတွေနဲ့တစ်ညီထဲ ဖြစ်တော့မယ်။ လူတွေကလည်း အိမ်တွေကို ချောင်းဘေးတိုးချဲ့ကြတော့ ချောင်းကမြောင်းသာသာပဲ ရှိတော့တယ်။ သစ်တောသစ်ပင်တွေလည်း ပြောင်သလောက်ရှိနေပြီ။”လို့ အင်းတော်ကြီးဒေသရဲ့ အခြေအနေကို ရှင်းပြပါတယ်။
ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကနေ ထွက်တဲ့စွန့်ပစ်မြေစာတွေကို ချောင်းအတွင်း မဆင်မခြင်စွန့်ပစ် တဲ့အတွက် ချောင်းနဲ့ မြောင်းတွေ တိမ်ကောလာပြီးတော့ အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်မှာရှိတဲ့ တောင်တွေမှာလည်း သစ်ပင်၊ ဝါးပင်တွေကို စည်းကမ်းမဲ့ အဆမတန် ခုတ်လှဲနေတဲ့အတွက် မိုးကြီးတဲ့အခါ တောင်ပြိုမြေပြိုမှုတွေ ဖြစ်ပေါ်လာပြီး မိုးရွာရင် ဒေသခံတွေရဲ့ လယ်ယာမြေတွေများစွာ ပျက်စီးစေတဲ့ ရေကြီး၊ ရေလျှံမှု ပြဿနာကို ကြုံတွေ့စေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ Kachinwaves ရေးသားဖော်ပြခဲ့တဲ့ အင်းတော်ကြီးကန် တိမ်ကောလာမှု အကြောင်း ဆောင်းပါးမှာ တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် ကျေးရွာပေါင်း ၁၆ ရွာက လယ်ယာမြေ တွေ ပျက်စီးလာပြီး အင်းတော်ကြီးဒေသက မြေဧက ၆ ထောင်ကျော်လည်း မြေစာပုံများအဖြစ် ပြောင်းလဲ လာတယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုမျိုး သယံဇာတ ပြုန်းတီးမှုတွေကြောင့် ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် စာရင်းဝင် အင်းတော်ကြီးအိုင်ဟာလည်း ခြိမ်းခြောက်မှုမျိုးစုံနဲ့ ကြုံတွေ့နေပါရတယ်။ ဒါ့အပြင် အင်းတော်ကြီး ကန်ဟာ တစ်နှစ်ကိုတစ်မိုင် ဝန်းကျင်နှုန်းနဲ့ တိမ်ကောလာတယ်လို့ ဆောင်းပါးမှာဖော်ပြ ခဲ့ပါတယ်။
Brandernburg University of Technology (BTU) ရဲ့ ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ရွှေတူးဖော်မှုမှ ထွက်ရှိလာတဲ့ နွံတွေဟာ ချောင်းတွေကတစ်ဆင့် အင်းတော်ကြီးကန်အတွင်း စီးဝင်နေတာဟာ တစ်နှစ်ကို တန်ချိန် ၁ သိန်း ၃ သောင်းကျော်ရှိပြီး အင်းထဲကို စီးဝင်တဲ့နွံနဲ့ အညစ်အကြေးတွေကြောင့် အင်းတော်ကြီးကန်ရဲ့ ရေထုဟာ တစ်နှစ်ကို ၀.၂၆ မှ ၀.၄ သန်း ကုဗမီတာခန့် ဆုံးရှုံးနေတယ်လို့ ပါရှိပါတယ်။
အင်းတိမ်ကောလာတဲ့ နောက်ဆက်တွဲ ပြဿနာအဖြစ် အင်းတော်ကြီးအိုင်ကို အမှီပြုပြီး ဖြစ်တည်နေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေ မျိုးတုံးပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကချင် သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူက ဆိုပါတယ်။
“အဲ့ဒီထဲမှာ သတ္တဝါမျိုးစုံ အသက်ရှင်သန်နေတယ်။ အဲ့ဒီအပေါ်မှာလည်း သက်ရောက်မှုတွေ၊ မျိုးတုံးပျောက်ကွယ် မှုတွေ ဒါတွေ တဖြည်းဖြည်းနဲ့ ဖြစ်သွားမယ့် အခြေအနေကို တွေ့နေရတယ်။ အထူးသဖြင့် အဲ့ဒီအင်းတော်ကြီး ဒေသဟာဆိုရင် အခြားဒေသကနေ သူ့ရာသီအလိုက် ဒေသရွေ့ပြောင်းပြီး ကျက်စားတဲ့ ငှက်မျိုးစိတ်တွေ အများကြီးပေါကြွယ်ဝတယ်။ အဲ့ဒီငှက်မျိုးစိတ်တွေဟာဆိုရင် သူတို့အတွက် စားကျက်တွေ ပျောက်သွားပြီးမှ မျိုးတုံးပျောက်ကွယ်သွားနိုင်တဲ့ အနေအထားတွေ တဖြည်းဖြည်းတွေ့ နေရတယ်။ နောက်တစ်ခုက အင်းတော်ကြီးဒေသမှာ မှီခိုကျက်စားတဲ့ သတ္တဝါတွေဟာဆိုရင် ထိခိုက်မှု တွေဖြစ်ပွားနိုင်တဲ့ အနေအထားပေါ့နော်။ ဒါဟာ ဂေဟစနစ်ထိခိုက်ပြီး နစ်နာစေတဲ့ဟာပေါ့။
စည်းကမ်းမဲ့ သယံဇာတ ထုတ်ယူခြင်းတွေကြောင့် ဒေသခံတွေ ကြုံတွေလာရတဲ့ နောက်ထပ် ပြဿနာ တစ်ခုဟာ အင်းတော်ကြီးအိုင်ကို အမှီပြုပြီး ဝင်ငွေရှာတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ သူကဆက် ပြောပါတယ်။
“ဂေဟစနစ် ပျက်စီးမှုနဲ့အတူ ငါးတွေရဲ့မျိုးစိတ်တွေလည်း ပိုပြီးမှနည်းပါးလာမယ်။ ငါးတွေကလည်း ရှားပါးမှုတွေ ဖြစ်လာမယ်။ အဲ့ဒီအပေါ်မှာ ငါးဖမ်းပြီးမှ အသက်မွေးဝမ်းကျောင်းပြုသူတွေ ထိခိုက်လာမယ်။ နောက်တစ်ခုက အဲ့ဒီဒေသဟာဆိုရင် သဘာဝနုံးပေါ်မှာ အခြေခံပြီးမှ အင်းပတ်ပတ်လည်မှာ လယ်လုပ်ကိုင် စားသောက်ကြတယ်။ လယ်ဆိုတာ မိရိုးဖလာအနေနဲ့ ဟိုးစဉ်ဆက်စပါးစိုက်တယ်။ ပဲ၊ နမ်းပေါ့နော်၊ လယ်တွေစိုက်ပျိုးကြတယ်။ အဲ့ဒီလယ်ယာတွေဆိုရင်လည်း မြေစာပုံတွေကြောင့် တဖြည်းဖြည်းနဲ့ တိုက်စားတာ၊ ပျက်စီးတာ၊ နုံးမြေတွေမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ပျက်စီးမှုတွေ ဖြစ်လာတာပေါ့နော်။”
တရားဥပဒေမဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ အကြီးဆုံးသဘာဝအင်းကြီးဖြစ်တဲ့ အင်းတော်ကြီး အိုင်တည်ရှိရာ ဒေသဟာ ဂေဟဟနစ်ပျက်စီးလာနေပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှုရဲ့ အကျိုးဆက်တွေကို ဒေသခံတွေ ကြုံတွေ့လာရပြီ ဖြစ်ပါတယ်။