ဆွမ်ပရာဘွမ်လမ်း တိုက်ပွဲဖြစ်ခဲ့သည့်နေရာတွင် အရပ်သားအလောင်းနှင့် လက်နက်အချို့ တွေ့ရှိ
24 September 2023 – Kachinwaves
မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ဝေရှီနှင့် ဖုန်အင်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ၌ အရပ်သားအလောင်း နှင့် လက်နက်အချို့ကို ယနေ့တွေ့ရှိသည်ဟု တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက် စုံစမ်းခဲ့သူ သတင်း ရင်းမြစ်တစ်ဦးက ဆိုသည်။
တိုက်ပွဲသည် စက်တင်ဘာ ၂၂ ရက်နေ့က ဆွမ်ပရာဘွမ်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA တပ်ရင်း (၄)က တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
“တစ်ယောက်က (မြစ်ကြီးနား) အာလမ်ရွာက မောင်ဇော်ဆိုတဲ့သူ ဟုတ်တယ်။ မျက်နှာတွေကတော့ အကုန် မည်းနေပြီ။ တစ်ယောက်က ရွှေစက်ကလို့ သိရတယ်။ သူကတော့ ဒဏ်ရာပြင်းထန်တယ်။ မိသားစုနဲ့ ဆက်သွယ်ရလို့ ဆေးကုနေတယ်လို့ သိရတယ်။”ဟု ၎င်းက ပြောသည်။
အဆိုပါ ထိခိုက်သေဆုံးသူများသည် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော အရပ်သား ပြည်သူများဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးခံရပြီး စစ်ကြောင်းနှင့် လိုက်ပါသွားခဲ့ရသူများမှ ထွက်ပြေး လွတ်မြောက်ခဲ့သည့် အရပ်သားများလည်း ရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ခဲ့သည့်နေရာ လမ်းကမ်းပါးအောက်တွင် စစ်ကောင်စီစစ်သားများ ဆောင်လေ့ရှိသည့် ခြင်းကြား ၄ လုံးကို တွေ့ခဲ့သော်လည်း ဆင်းမကြည့်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
Kachinwaves ကို ပေးပို့သည့် ဗီဒီယိုဖိုင်တွင် အဖြူကွက်ပါ အရပ်ဝတ်အင်္ကျီ ဝတ်ထားပြီး မျက်နှာတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရသည်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကျရောက်သော မြစ်ကြီးနား – ပူတာအိုလမ်း ဒရူခတံတားအနီးရှိ စစ်ကောင်စီ တပ်စခန်းကို KIA နှင့် Kagabu People’s Force (KPF) အဖွဲ့တို့က စက်တင်ဘာ ၂၀ ရက်နေ့ နံနက်တွင် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၎င်းစခန်းသိမ်းပိုက်ခံရပြီးနောက် ပြန်တက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားသည့်သတင်းလည်း ထွက်ခဲ့ပြီး ဖြစ်သည်။