ဖားကန့်တွင် ဆေးရုံတက်နေသည့် စရဖ တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ
25 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) တစ်ဦး ယနေ့နေ့ မွန်းလွဲသုံးနာရီဝန်းကျင်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။
ဖားကန့်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် စရဖတစ်ဦးကို အမည်မသိ လက်နက်ကိုင်ဆောင်သူများက ဆေးရုံအတွင်းသို့ ဝင်ရောက်ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖားကန့်မြို့အထွက်ရှိ ပန်းတင်တံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ အရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဖားကန့်ဆေးရုံက ဖြစ်စဉ်ပြီးတာနဲ့ ပန်းတင်တံတားမှာ ပိတ်ပြီးတော့၊ စစ်ပြီးတော့ အသားကုန်ဖမ်းနေတာ” ဟုပြောသည်။
ဒေသခံ၏ ပြောပြချက်အရ အဆိုပါပန်းတင်တံတားတွင် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ အယောက် ၂၀ ဝန်းကျင်ရှိကြောင်း သိရသည်။
ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာတွင်လည်း ယနေ့နံနက်က စရဖရုံးနှင့် စစ်ကောင်စီရဲတပ်ရင်းစခန်းကုန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း ကြားသိရသည်။