ရှမ်းပြည်မြောက်ပိုင်း မူဆယ်တွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ ကျောင်းထိုင် ဘုန်းကြီးတစ်ပါး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိ
20 September 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး၌ TNLA နှင့် စစ်ကောင်စီတပ်တို့ ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးမှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး လက်နက်ကြီးကျည် ထိမှန်ခံရကြောင်း သိရသည်။
တိုက်ပွဲကြောင့် ကျေးရွာရှိပြည်သူများလည်း တိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရရှိသည့် ဆရာတော်ကို မူဆယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။ ဆရာတော်၏ ခြေထောက်၊ ပေါင်နှင့် ဦးခေါင်းနေရာများတွင် ထိခိုက်ခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များက ဆိုသည်။
ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး မိုးကုတ်၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ တစ်ရက်တည်း၌ တိုက်ပွဲ (၇) ကြိမ် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် ယခုနှစ် ဇူလိုင်လ ၂၃ ရက်မှ စက်တင်ဘာ ၁၉ ရက်အတွင်း စစ်ကောင်စီတပ်နှင့် TNLA ကြား တိုက်ပွဲ (၅၂) ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။