မူဆယ်မြို့ KTV တွင် အမျိုးသမီးလူငယ်တစ်ဦး K ရှူလွန်ပြီး သေဆုံး
18 September 2023 – Kachinwaves
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ KTV တစ်ခုတွင် ယမန်နေ့ညက အမျိုးသမီးလူငယ်တစ်ဦး K ရှူလွန် ပြီး သေဆုံးသွားကြောင်း သိရသည်။
၎င်းအမျိုးသမီးငယ်သည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှ ဖြစ်ကြောင်းသိရသည်ဟု ဒေသခံတစ်ဦး က ပြောသည်။
အတိုကောက် K နှင့် E ဟုခေါ်သော Ketamine (ကတ်တမင်း) နှင့် Ecstasy (အက်တစီ) များကို Club၊ KTV များတွင် ရရှိနိုင်ပြီး ဟိုင်းခန်း (E နှင့် K ရှူသည့်အခန်း) များလည်း ထားရှိကြကြောင်း သိရသည်။
Ketamine နှင့် Ecstasy သည် စိတ်ကိုပြောင်းလဲစေပြီး ရူးသွပ်သွားသည်အထိ ဖြစ်စေနိုင်သည့် မူးယစ် ဆေးဝါး ဖြစ်ကြောင်း ကျန်းမာရေးဆောင်းပါးများမှာ ဖော်ပြထားသည်။
“အဓိက ကတော့ ကတ်တမင်း သုံးစွဲပြီးနောက်မှာ ကိုယ့်ရဲ့ လက်ရှိအခြေအနေ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ လုံးဝ ကင်းကွာ သွားစေပါတယ်။ ဒီအချိန်မှာ အစစ်အမှန် မဟုတ်တဲ့ ပုံရိပ်တွေကို မြင်ယောင်လာတယ်။ လက်ရှိ ခံစားချက်တွေ ပျောက်သွားပြီး အိပ်မက်ထဲ ရောက်သလို စိတ်မြူးထူးလာမယ်၊ စိတ်ကြွလာမယ် ဒီတော့ ခဏတစ်ဖြုတ်တော့ လူငယ်တွေ သဘောကျကြတယ်ပေါ့.. ဒါပေမယ့် တဖြေးဖြေးချင်း စိတ်တွေ ရှုပ်ထွေး လာမယ်.. စိတ်တိုလာမယ်.. သတိလွတ်လာမယ်… နှလုံးခုန်နှုန်းတွေ မြန်လာပြီး သွေးပေါင်ချိန်တွေ တက်လာ ပါလိမ့်မယ်။”ဟု Duwun Specialist Clinic & Diagnostic က ရေးသားထားတာကို တွေ့ရသည်။
E ၏ အာနိသင်မှာ ၂ နာရီမှ ၄ နာရီခန့် ကြာတတ်ပြီး ဆေးအာနိသင်ကုန်ခါစတွင် စိတ်ပြန်ကျလာ၍ ဂဏှာ မငြိမ်ဖြစ်ကာ စိတ်စုစည်းရ ခက်လာကြောင်း သိရသည်။ ထို့အပြင် E သည် အသည်း၊ ကျောက်ကပ်နှင့် နှလုံးကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး မှတ်ဉာဏ်လျော့နည်းလာခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန် သောကရောက်ခြင်း စသည့် ဆိုးကျိုးများအထိ ခံစားရနိုင်သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။