မတိုးသာ မဆုတ်သာ အကျပ်ရိုက်နေရတဲ့ ထိုးစစ်ဆင်မှု ဖြစ်နေပြီလား

- အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
- စီစဉ်တင်ဆက်သူ – Yu San
12 September 2023 – Kachinwaves
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ လက်နက်ကိုင်တပ် (KIA) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသ အနီးဝန်းကျင်ကို ပြီးခဲ့တဲ့ ဇွန်လကနေ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာပြီး စစ်ရေး လှုပ်ရှားမှုတွေကြောင့် ဇူလိုင် ၃ ရက်နေ့ကနေ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုကြောင့် နှစ်လကျော်ကြာမြင့်လာတဲ့ လိုင်ဇာဒေသ အနီး ဝန်းကျင်နဲ့ ကချင်ပြည်နယ်ရဲ့ အဓိက လမ်းကြောင်းတစ်ခုဖြစ်တဲ့ မြစ်ကြီးနား – ဗန်းမော် ကားလမ်းမ တစ်လျှောက်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကို ဒီတစ်ပတ် သတင်းမြင်ကွင်း အစီအစဉ်မှာ သုံးသပ် တင်ပြသွားပါ့မယ်။
စစ်အာဏာသိမ်းပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က ပြည်သူလူထုရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဖြိုခွဲတဲ့ကိစ္စရပ်တွေမှာ ကေအိုင်အို ပါဝင်စွက်ဖက်မှုမပြုဖို့၊ KIO ထံ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ အကြောင်းပြန်ကြားမှုရှိခဲ့ပြီး၊ ပါဝင်စွက်ဖက်မှုတွေရှိလာရင် အာဏာသိမ်း စစ်တပ်အနေနဲ့ KIA ကို အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်လာနိုင်ကြောင်းလည်း ပါရှိတယ်လို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က KNG သတင်းဌာနကို ဖြေကြားခဲ့ဖူးပါတယ်။
ဒါပေမဲ့ KIO ကတော့ “အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ အားလုံးကို ကြိုဆိုပါကြောင်း” ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့မှာ သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့က မြစ်ကြီးနား ဆန္ဒပြသပိတ် စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရမှုမှာ ပြည်သူနှစ်ဦး ပစ်သတ်ခံခဲ့ရပြီးနောက် မတ်လ ၁၁ ရက်နေ့မနက် ကနေစပြီး ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ စစ်ရေးအရှိန် တကျော့ပြန် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အာဏာမသိမ်းမီကာလကလည်း KIO ဗဟိုဌာနချုပ်ကို ခြိမ်းခြောက်လိုတဲ့ စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု တွေကို KIA က မကြာခဏ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် KIA ရဲ့ ဗျူဟာကျတဲ့ ရှေ့တန်းစစ်စခန်းတချို့ လက်လွတ်ခဲ့ရပါတယ်။ ဗန်းမော်လမ်း မုန်းလဲချောင်းတံတာအနီး လိုင်ဇာမြို့ အဝင်လမ်းခွဲ မုဂ်ဝအနီးကစခန်းကို လက်လွတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က စစ်တပ်ဟာ လိုင်ဇာကို သိမ်းလိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ လိုင်ဇာဒေသဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်နဲ့အတူ စစ်တပ်လိုလားသူ တွေက ၎င်းတို့ သုံးစွဲနေတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ လိုင်ဇာကိုသိမ်းပိုက်သင့်ကြောင်း နှိုးဆော်ကြ တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ (၂၂) ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲ မှာလည်း KIA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရန်လိုလားတဲ့ မေးခွန်းမျိုးကို မေးခဲ့ကြပါတယ်။
အလားတူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း KIA ကို စစ်ကိုင်းတိုင်းမှာ ဗမာအချင်းချင်းသတ်ရန် လက်နက် ထောက်ပံ့သူအဖြစ် စွပ်စွဲခဲ့ပြီး ဗမာ-ဗမာချင်းသတ်နေကြတာကို အားပေးတဲ့ ဗမာတွေကို အံ့ဩတယ်လို့ အာရုံစိုက်ပြောကြားခဲ့တာကို တွေ့ရပါတယ်။
အာဏာသိမ်းပြီးနောက် Kachinwaves ရဲ့ သတင်းစောင့်ကြည့်လေ့လာချက်အရ လိုင်ဇာကို စိုးမိုးလိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီတပ် ထိုးစစ်ဆင်လှုပ်ရှားလာတာဟာ ယခုနှစ် ဇူလိုင်လမှာ စတင်လာတဲ့ ထိုးစစ်ဆင်လှုပ်ရှားမှုက ပထမဆုံးအကြိမ် ဖြစ်တာကို တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် ပထမ ၆ လအတွင်း လိုင်ဇာဒေသနဲ့ ဆက်စပ်တဲ့ မိုးမောက်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ ပေမဲ့ အလောဘွမ် (Alaw Bum) စစ်ဗျူဟာကုန်းကို မတ်လ ၂၅ ရက်နေ့မှာ ကေအိုင်အေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့အတွက် စစ်ကောင်စီတပ်က ၎င်းစစ်ဗျူဟာကုန်းကို ပြန်လည်ရယူလိုတဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုဖြစ်ကြောင်း တွေ့ရပါတယ်။
Kachinwaves ရဲ့ သတင်းစောင့် ကြည့်လေ့လာချက်အရ ယခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလ ၁၀ ရက်နေ့ အထိ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA၊ KPDF၊ မဟာမိတ် ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံး (၅၄) ကြိမ် ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ယခုနှစ် ပထမ ၆ လအတွင်း ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း (၈၆) ကြိမ် ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် ပြီးခဲ့တဲ့နှစ်လကျော်အတွင်း စစ်ကောင်စီရဲ့ ထိုးစစ်အရှိန် ပြင်းထန်မှုကို မှန်းဆနိုင်မှာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေကိုကြည့်ရင် ဝိုင်းမော်မြို့နယ်အတွင်းမှာကျရောက်တဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်မှာ ဖြစ်ပွားမှုအများဆုံးရှိခဲ့ပြီး တိုက်ပွဲပေါင်း အနည်းဆုံး အကြိမ် (၂၀) ရှိခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလည်း ၆ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ လိုင်ဇာဒေသအနီး ဝန်းကျင် မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး တိုက်ပွဲဖြစ်ပွားမှုများခဲ့တဲ့ မြို့နယ်တွေကတော့ စစ်ကောင်စီရဲ့ ရေကြောင်း၊ ကုန်းကြောင်း ထောက်ပို့ရေးလမ်းကြောင်း ကျရောက်နေတဲ့ ရွှေကူ၊ ဗန်းမော်နဲ့ မိုးမောက် မြို့နယ်တွေ ဖြစ်ပြီး ၎င်းမြို့နယ် သုံးခုအတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်စီရှိခဲ့ပါတယ်။ ယခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလ ၁၀ ရက်နေ့အတွင်း တိုက်ပွဲဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ရှိခဲ့တဲ့ မြို့နယ်ဟာ ဖားကန့်မြို့နယ် ဖြစ်ပါတယ်။
KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူရဲ့ ဖေ့ဘုတ်အကောင့်လို့ သိရှိထားတဲ့ လူမှု စာမျက်နှာရဲ့ ပို့စ်တစ်ခုမှာဆိုရင် KIO ဗဟိုဌာန ဒေသအတွင်း ၂၀၂၃ ဇူလိုင်နဲ့ ဩဂုတ်လအတွင်းမှာ တိုက်ပွဲ ပေါင်း ၁၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀၆ ဦးဒဏ်ရာရပြီး ၅၁ ဦးသေဆုံးတယ်လို့ ဖော်ပြထား တာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ လိုင်ဇာဒေသကို စိုးမိုးနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်မှုစတင်တဲ့ နှစ်ပတ်အကြာ ဇူလိုင်လ ၁၄ ရက်နေ့မှာပဲ ကချင်ပြည်နယ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နဲ့အတူ စစ်အရာရှိတချို့ကို စစ်ကောင်စီက နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ပြီး မပခတိုင်းမှူးနေရာမှာ စစ်ကိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်ကို အစားထိုးခန့်အပ်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကာလအတွင်း တကျော့ပြန် တိုက်ပွဲတွေမှာ ခြေလျှင်တပ်၊ လေကြောင်းနဲ့ လက်နက် ကြီး ပစ်ကူများ အလုံးအရင်း သုံးစွဲခဲ့ပြီး အောက်ခြေစစ်သားတွေကို စတေးခံပြီး KIA ကို ထိုးစစ်ဆင်အနိုင်ယူပြခဲ့တဲ့ စစ်တပ်ဟာ လက်ရှိကာလမှာတော့ အရင်လို လက်စွမ်းမပြနိုင်ဘဲ ထိုးစစ်ကို ပြန်လည် ဆုတ်ခွာဖို့လည်း စစ်ကောင်စီအတွက် အရှက်ရစရာဖြစ်နေတဲ့အခြေအနေမျိုးနဲ့ “ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ်” ဆိုသလို မတိုးသာ မဆုတ်သာ ဖြစ်နေရကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။