KIO ဗဟိုဌာနချုပ်ဒေသဘက် ဦးတည်သည့် ထိုးစစ်ကို KIA က စစ်ကောင်စီတပ်ထက် လက်နက်ကြီး လေးဆကျော်ပစ်ခတ်ပြီး ခုခံတိုက်ခိုက်
12 September 2023 – Kachinwaves
မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသည့် ဇူလိုင်လနှင့် ဩဂုတ်လအထိ ကေအိုင်အို ဗဟိုဌာနချုပ်နယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၄ ကြိမ်ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၅၁ ဦးသေဆုံးခဲ့သလို ၁၀၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယခုအချက်အလက်သည် KIA ၏ တရားဝင် အချက်အလက်မဟုတ်ဘဲ ၎င်းအနေဖြင့် နေ့စဉ်သတင်းများကို အခြေခံပြီး တွက်ချက်ထားသည့် ကိန်းဂဏန်းသာဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်များကို KIA က လက်နက်ကြီးများဖြင့် ၇၄၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး ၁၅၇ ကြိမ် ပစ်ခတ်ခဲ့ကြောင်းလည်း ပြောသည်။
“နေ့စဉ်ထွက်နေတဲ့ တိုက်ပွဲသတင်းတွေထဲက ကိန်းဂဏန်းတွေကို ပေါင်းထားတာက KIA က လက်နက်ကြီးနဲ့ ပစ်တာ ၇၄၇ ကြိမ်၊ နောက်သူတို့ စကစဘက်က ပစ်တာက ၁၅၇ ကြိမ်ပစ်တာ၊ KIA ကနေ စကစဘက်ကို ဒရုန်းနဲ့ တိုက်ခိုက်တာက ၅၃၉ ကြိမ်ရှိပြီ။ (စစ်ကောင်စီတပ်ဘက်က) ထိခိုက်တာ ၁၀၆ ယောက်၊ သေဆုံး ၅၁ ယောက် ရှိပြီပေါ့။”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
၂၀၂၃ ဇူလိုင်လကတည်းက စစ်ကောင်စီတပ်က မြစ်ကြီးနား – ဗန်းမော်လမ်း ဝိုင်းမော်မြို့နယ် နမ်ဆန်ယန် ကျေးရွာဘက်ကို ထိုးစစ်ဆင်လာခဲ့ရာ ယနေ့ထိ နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုသည်။
“သူတို့ စစ်ကြောင်းတွေကတော့ မြစ်ကြီးနားဘက်ကနေ ထိုးလာတဲ့ စစ်ကြောင်းတွေလည်း ရှိတယ်။ ဒဘတ်ယန်၊ ကဇူး၊ ဂျာပူ အဲဘက်မှာလည်း ခုခံတိုက်ပွဲက အမြဲတမ်းလိုလို တိုက်ပွဲတွေရှိတယ်။ နောက် ဗန်းမော်ဘက်ကနေ တက်လာတဲ့စစ်ကြောင်းတွေ ကားတွေကို ကျနော်တို့ ခုခံတိုက်တာ တော်တော်လည်း ထိထိရောက်ရောက်လေးပေါ့၊ ကားတွေ မှောက်သွားတာတွေ၊ ကားတွေ မီးလောင်သွားတဲ့အထိ သူတို့ စစ်ကြောင်းတွေ ဆက်မထိုးနိုင်တဲ့အထိတောင်မှ ကျနော်တို့ ခုခံတိုက်ပွဲတွေ ရှိပါတယ်။ ဒါကြောင့် ဒီတကြောလုံးမှာ ခုခံတိုက်ပွဲတွေက ပြင်းပြင်းထန်ထန် တင်းမာတဲ့အနေအထား ဖြစ်ပါတယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်ပြည်နယ်တွင် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း သာမက ဖားကန့်မြို့ဘက်ကိုလည်း စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေပြီး နယ်မြေ ထိန်းချုပ်နိုင်ရန် ကြိုးစားလာနေကြောင်းလည်း ဆိုသည်။
Kachinwaves ၏ သတင်းစောင့်ကြည့်လေ့လာချက်အရ ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၅၄) ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ်ရှိခဲ့သည်ကို တွေ့ရပါသည်။