စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဇင်ယော်ဆီဆိုင်ပိုင်ရှင် အမျိုးသမီး သေဆုံး
13 September 2023 – Kachinwaves
KPDF နှင့် ပက်သက်သည်ဟု စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးခဲ့သည့် မိုးကောင်းမြို့ ဇင်ယော်ဆီဆိုင်ပိုင်ရှင် အသက် ၅၀ နှစ်ဝန်းကျင်အရွယ် ဒေါ်ခင်မာရွှေဆိုသူ အမျိုးသမီးမှာ ဖမ်းဆီးချုပ်နှောင်ခံရစဉ်အတွင်း သေဆုံး သွားကြောင်း သိရသည်။
စက်တင်ဘာ ပထမအပတ်က ဒေါ်ခင်မာရွှေတို့ ဇနီးမောင်နှံနှစ်ဦးကို PDF ထောက်ပံ့သည်ဟု စစ်တပ်က စွပ်စွဲဖမ်းဆီးခဲ့ပြီးနောက် ဒေါ်ခင်မာရွှေမှာ စစ်ကြောရေးအတွင်း နှိပ်စက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် ယမန်နေ့ကသေဆုံးသည်ဟု ကြားသိရကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“လူမှုကူညီရေးအသင်းတွေဆီ အကြောင်းကြားပြီး အလောင်းလာကောက်ဖို့ပြောတာ ဘယ်အသင်းမှ မသွားရဲကြဘူး။ အဲ့တော့ သူတို့ (စစ်ကောင်စီ) က သူတို့ဖာသာ သယ်လာပြီး နတ်ကြီးကုန်းက သုဿာန် မှာလာထားတယ်။ မိသားစုဝင်တချို့ကို ရဲကတစ်ဆင့် သင်္ချိုင်းမှာလာအတည်ပြုခိုင်းတယ်”ဟု ပြောသည်။
ရုပ်အလောင်းကို ဓာတ်ပုံရိုက်ခွင့်မပြုကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှေ့မှောက်ပင် မီးသင်္ဂြိုဟ်ခဲ့ရ ကြောင်း သိရသည်။
သေဆုံးသူဒေါ်ခင်မာရွှေ၏ အမျိုးသားဖြစ်သူဦးမိုးကျော်ကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲဟု ကြားသိရကြောင်း အဆိုပါဒေသခံက ပြောသည်။
မိုးကောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းလာကြိုသည့် စစ်ကားပစ်ခတ်ခံရပြီးနောက် ပိုင်း စစ်ကောင်စီတပ်က မိုးကောင်းမြို့အတွင်း ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်နေခြင်းဖြစ်ပြီး ဖမ်းဆီးခံရ သူများထဲတွင် ဇင်ယော်ဓာတ်ဆီဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးလည်း ပါဝင်ခဲ့သည်။
အဆိုပါဇနီးမောင်နှံတို့ပိုင်ဆိုင်သည့် ဓာတ်ဆီဆိုင်သုံးဆိုင်အနက် ဆိုင်နှစ်ဆိုင်ကို စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။
ဩဂုတ်လ ၂၆ ရက်နေ့ကလည်း စစ်ကားပစ်ခတ်ခံရသည့်ဖြစ်စဉ်နှင့် ဆက်စပ်ပြီးဖမ်းဆီးခံရသည့် ဦးဝဘော်ဂျိုးဇက်တန်ဂွန်း ဆိုသည့် အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး စစ်ကြောရေးတွင် အသက်ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီ ရဲနှင့် စစ်သားများသည် ယခုလက်ရှိအချိန်ထိ မိုးကောင်းမြို့အတွင်းတွင် စစ်ဆေးရေးတင်းကြပ်စွာ လုပ်ဆောင်နေဆဲဖြစ်ပြီး အရပ်သားဖမ်းဆီးမှုများကို နေ့စဉ်ရက်ဆက်လုပ်ဆောင်နေကြောင်း သိရသည်။