ဖားကန့် ဆိုင်းတောင်ကျေးရွာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြတ်ထွက်သည်အထိ ခုတ်သတ်ခံရသည့် အလောင်းတွေ့ရှိ
11 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအနီးတွင် ယနေ့နံနက်က ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
Kachinwaves မှရရှိထားသည့် ဓာတ်ပုံများတွင် သေဆုံးသူ၏ ဘယ်လက်ကောက်ဝတ်၌ ပြတ်ထွက်သည် အထိ ခုတ်ဖြတ်ခံထားရပြီး၊ ညာလက်နှင့် ခြေထောက်နှစ်ဖက်လုံးတွင် အရေပြားပြတ်ထွက်သည်အထိ ခုတ်ထစ်ခံထားရသည့် ဒဏ်ရာများကို တွေ့ရှိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို နယ်ခံလူမှုကူညီကယ်ဆယ်ရေးအသင်းများက သယ်ဆောင်သွားကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွါးနေပြီး၊ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ မရှီကထောင်စျေးအနီး၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။