ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် KIA၊ KPDF တပ်ဖွဲ့ဝင်များ စစ်ကောင်စီ၏ အလစ်ဝင်တိုက်ခံရ၍ ၅ ဦးကျဆုံး
11 September 2023- Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် ယနေ့နံနက် ၅ နာရီက စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KPDF တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးကြောင်း သိရသည်။
KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက အဆိုပါသတင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြော ကြားသည်။
“ဟုတ်တယ်။ PDF ငါးယောက်ကျတယ်။ ပါဂျဲရိုကားတစ်စီးလည်း ပါသွားတယ်။ ” KIAနှင့် KPDF တပ်ဖွဲ့က ဟောင်ပါးကျေးရွာတွင် ရှိနေသည်ဟု သတင်းရရှိသည့်အတွက် တာမခံကျေးရွာမှ အင်အား ငါးဆယ်ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ဟောင်ပါးကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“ဟောင်ပါးရွာ အဝင်နားက ဘုန်းကြီးကျောင်းမှာ KIA နဲ့ PDF တွေက အဲ့မှာရှိနေတယ်။ ရှိထားတော့ တာမခံစစ်တပ်ကနေ သွားပစ်တာပါ။”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက် နှစ်ဖက်တပ်ဖွဲ့က ဟောင်ပါးကျေးရွာမှ အရပ်သားများကို ထွက်ခွာကြရန် သတိပေးနှိုးဆော်ထားပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောသည်။
“တိုက်ပွဲက ဖြစ်လာနိုင်သေးတဲ့ အခြေအနေရှိတာပေါ့နော်။ ဘယ်နေရာဖြစ်လာမယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။”ဟု ဆိုသည်။
ဟောင်ပါးကျေးရွာ ဒေသခံများမှာ တာမခံကျေးရွာဘက်နှင့် ဆယ်ဇင်းကျေးရွာသွားသည့် လမ်းပိုင်းရှိ ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုများ ရှိနိုင် သော်လည်း မည်မျှပျက်စီးထိခိုက်သည်ကို တိတိကျကျအတည်မပြုနိုင်သေးပါ။
ယခုလက်ရှိ ဟောင်ပါးကျေးရွာအတွင်း စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က တပ်စွဲထားကြောင်း သိရသည်။