မြို့လှ KPDF ထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ကျပ်နှစ်သိန်းစီပေးပြီး နေရပ်ပြန်ခွင့်ပြု
11 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်အတွင်း လှုပ်ရှားနေကြသည့် တပ်မ (၈၈) လက်အောက်ခံ စစ်ကောင်စီတပ်များမှ တပ်ဖွဲ့ဝင်သုံးဦးသည် ရွှေကူအခြေစိုက် မြို့လှ KPDF သို့ ခိုလှုံလာကြောင်း မြို့လှ KPDF က စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တပ်မ (၈၈) လက်အောက်ခံ ခလရ (၇၈) တပ်ရင်းမှ တပ်သား ရဝေအောင်၊ နိုင်လင်းဦး နှင့် ခလရ (၄၃၇) မှ ဇော်မင်းထွေး တို့သုံးသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၈)၊ အမှတ် (၅) တပ်ရင်း၊ မြို့လှ KPDF တပ်ရင်းသို့ ခိုလှုံလာခြင်းဖြစ်ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“လက်နက်မပါ၊ ဒီတိုင်းထွက်ပြေးလာတာ။ ကျွန်တော်တို့ တပ်ရင်းကနေ တစ်ယောက်ကို ငွေသားနှစ်သိန်းစီပေးတယ်။ ပြီးတော့သူတို့နယ်မြေ၊ သူတို့မိသားစုဆီကို ပြန်ခွင့်ပေးတယ်။ ဒီနယ်မြေမှာတော့ မနေရဘူး။”
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသည် ဗန်းမော်မြို့နယ်အတွင်းရှိ မံမလင်းကျေးရွာအုပ်စုနှင့် ပါပေါင်းကျေးရွာအုပ်စုများတွင် လှုပ်ရှားနေသည့် စစ်ကြောင်းများ ထွက်ပြေးလာပြီး CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်နေ့က ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာရဲစခန်းနှင့် စစ်ကောင်စီစခန်းကို မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတစ်ဦးကိုလည်း ထောက်ပံ့ငွေများပေးအပ်ပြီး နေရပ်သို့ပြန်ခွင့်ပေးလိုက်ကြောင်း သိရသည်။