မိုးညှင်း ဒလန်တစ်ဦး ရှင်းလင်းခံရမှုနှင့် သံလမ်းတံတား ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲသလို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့
8 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့အနီးတွင် ယနေ့မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ပြီး နန်းမား၊ ဟိုပင်အခြေစိုက် တပ်များလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
နန်းမားမြို့အရှေ့ဘက်ရှိ တောင်တကြောကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချခဲ့ သည်ဟု မိုးညှင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီဘက်ကိုတော့ ဗုံးသုံးလုံးကြဲသွားတယ်။ တခြား ကချင်ရွာတစ်ရွာမှာလည်း သွားကြဲသေးတယ်ပြောတယ်။ အဲ့တာတော့ အတိအကျမသိရဘူး”ဟု ဆိုသည်။
ဗုံးကြဲခံရသည့် ကျေးရွာသည် တောင်တစ်ဖက်တွင်တည်ရှိပြီး ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ရခြင်းမှာ မိုးညှင်းမြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကျော်စော သူတစ်ဦး ပစ်သတ်ခံရခြင်း၊ ယမန်နေ့ညက နန်းမားမြို့ သာယာကုန်းကျေးရွာရှိ ရထားသံလမ်းတံတားကို KPDF က ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်စပ်နိုင်သည်ဟု KPDF သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက အားဖူ (စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ) ကို ရှင်းလိုက်တဲ့ဟာရယ်၊ မနေ့ညက သာယာကုန်းကျေးရွာ (နန်းမားအနီး)က တံတားကို ဖောက်ခွဲလိုက်တဲ့ကိစ္စရယ်၊ အဲ့တာတွေ အကုန်လုံးပေါင်းပြီး ဒီနေ့တော့လေယာဉ်နဲ့ လာကြဲတယ်။”ဟု ဆိုသည်။
ထို့ပြင် ဟိုပင်အခြေစိုက် ခလရ (၄၀) နှင့် နန်းမား (၃၆၇) အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ဟိုပင် မြို့အရှေ့ဘက်သို့ နာရီဝက်ခန့် ပစ်ခတ်ခဲ့ကြောင်းနှင့် လက်နက်ကြီးကျသည့် နေရာများမှာ ဟိုပင် နန့်စွန်း ကျေးရွာနှင့် လခါးယန်ရွာဘက်တွင် ကျရောက်သည်ဟု သိရှိရကြောင်း ဟိုပင် KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လေယာဉ်ဗုံးနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်မှုရှိမရှိကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စက်တင်ဘာ ၆ ရက်နေ့က မိုးညှင်းမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ သည့် အတွက် မိုးညှင်း၊ ထန်းတပင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ပြီးဒဏ် ရာရခဲ့သည်။