ရွှေကူ စစ်ကောင်စီ ထွေအုပ်ရုံး ဒရုန်းဗုံးကြဲခံရပြီး စစ်သားနှင့် ထွေအုပ်ဝန်ထမ်း ၁၀ ဦးထက်မနည်း ထိခိုက်သည်ဟုဆို
6 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ရပ်ကွက် (၄)ရှိ စစ်ကောင်စီအထွေထွေအုပ်ချုပ်ရေးရုံးကို ယနေ့နံနက် ၁၁ နာရီက မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစောင့်ချထားသည့် ထွေအုပ်ရုံးကို ဗုံးရှစ်လုံးခန့်ကြဲခဲ့ရာ ထိခိုက်သူများ ရှိကြောင်း မြို့လှ KPDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“သူတို့အစည်းအဝေးရှိတာသိလို့ ချတာ။ အရပ်သားတစ်ယောက် ထိခိုက်မိတယ်။ သရက်ကုန်းရွာကနေ ထွေအုပ်ရုံးမှာ ထောက်ခံစာ လာလုပ်တာ။”ဟု ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထွေအုပ်ရုံးတွင် အစောင့်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ထွေအုပ်ဝန်ထမ်း ဆယ်ဦးထက်မနည်း ထိခိုက်မိပြီး ရွှေကူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဗုံးပေါက်ကွဲပြီးနောက် ထွေအုပ်ရုံးအနီးရှိ အခြေခံပညာကျောင်းနှင့် စည်ပင်ဈေးကို ပိတ်ခဲ့ပြီး ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ဩဂုတ်လ ၂၅ ရက်နေ့ကလည်း ကချင်ပြည်နယ် ရွှေကူနှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်နှင့် ထိစပ်နေသည့် ချောင်းဝကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြို့လှ KPDF တပ်ဖွဲ့က ဒရုန်းဖြင့်ငါးကြိမ်တိုင် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။