မိုးညှင်းမြို့တွင် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရ
6 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ယမန်နေ့နံနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့ရှောင်လမ်းမပေါ်ရှိ အဝေးပြေးကားကွင်းထဲတွင် လက်နက်ကြီးတပ်ဆင်ပြီး PDF များ လှုပ်ရှား သည်ဟု ယူဆရသည့် အရှေ့တောင်ဘက်သို့ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အရပ်သာားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးညှင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အဲ့နေ့မနက် အစောပိုင်းမှာ Faw ကား (သဲတင်ကား) သုံးစီးနဲ့ အမြောက်ကားတစ်စီးက ကားကြီးကွင်းထဲမှာ နေရာယူထားတာ။ ပြီးတော့အဲ့နေရာကနေပဲ အရှေ့တောင်တကြောကို လက်နက်ကြီးနဲ့ ၁၀ လုံးလောက် ထုသွားတာ။ အမှိုက်ကန်နားတကြောပေါ့။ ထိတာကအဲ့ပတ်ဝန်းကျင်နားမှာနေတဲ့ အမျိုးသမီးတစ်ဦး”ဟု ပြောသည်။
လက်နက်ကြီးစထိမှန်သူမှာ ထန်းတပင်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၄ နှစ် အရွယ် မငယ်လေး ဆိုသူဖြစ်ပြီး သူမ၏အိမ်ခြံဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ အမျိုးသမီး၏ လက်မောင်း၊ ခြေထောက်တို့တွင် လက်နက်ကြီးစထိမှန်သည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ယခုလက်ရှိ မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။
လက်နက်ကြီးမပစ်မှီရှေ့တစ်ရက်က မိုးညှင်းမြို့တွင် စစ်ကောင်စီသတင်းပေးဟု ကျော်စောသူ အမျိုးသား တစ်ဦးကို မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးညှင်း KPDF) က ပစ်သတ်ခဲ့သည်။
ယခုကဲ့သို့ မိုးညှင်းမြို့၏အရှေ့တောင်ဘက်တကြောသို့ လက်နက်ကြီးပစ်ခတ်မှုများကို စစ်ကောင်စီတပ်က မကြာခဏပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ကလည်း လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှု ဖြစ်စဉ်တွင် ထန်းတပင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ဖူးသည်။