TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် တိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦး လက်နက်ထိမှန်ခံရပြီး နေအိမ်အတွင်း လက်နက်ကျရောက်
30 August 2023 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်နှင့် တအာန်း TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျေးရွာရှိနေအိမ်အချို့ ပျက်စီးပြီး ထိခိုက်ခံရသူ အရပ်သားများလည်းရှိကြောင်း သိရသည်။
စယ်လန့်ကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို TNLA တပ်ဖွဲ့က ယမန်နေ့နံနက် ၁၀ နာရီ ဝန်းကျင်က သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မူဆယ်မြို့ ၁၀၅ မိုင်၊ ကွတ်ခိုင် နမ့်ဖတ်ကာကျေးရွာနှင့် နမ့်ခမ်းမြို့များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တို့က လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဦးတည်ပစ်ခတ်ခဲ့သည့်အတွက် အရပ်သား နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် မူကြိုကျောင်းလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်ပျက်စီးသည့်နေအိမ်မှာ စယ်လန့်ကျေးရွာအုပ်စု၊ ဖိုင်မောင့်ကျေးရွာရှိ ဦးဆိုင်းမောင်၏ နေအိမ်ဖြစ် ပြီး နေအိမ်အပါအဝင် အိမ်စီးကား၊ လယ်ထွန်စက်၊ ထော်လာဂျီနှင့် ငွေသားများလည်း ဆုံးရှုံးခဲ့ရကြောင်း ဒေသခံထံမှ သိရသည်။
လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ညပိုင်းအထိ ကြားနေရပြီး တိုက်ပွဲအတွင်း ပစ်ခတ်မှုများ ကြောင့် စယ်လန့်ကျေးရွာတွင် နေထိုင်သည့် အသက် ၆၀ နှစ်ကျော် အမျိုးသားတစ်ဦး ကျည်ထိမှန်ခံရ ကြောင်း SHAN News သတင်းဌာနက ဖော်ပြထားသည်။
ထို့ပြင် ယမန်နေ့က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်း TNLA တပ်များ ဝင်ရောက်လာသည့် အတွက် နမ့်ဖတ်ကာ စစ်ကောင်စီတပ်ရင်း အမှတ် (၁၂၃) က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ နမ့်ဖတ်ကာ ကျေးရွာ၊ ရပ်ကွက် (၃) ရှိ နေအိမ်တစ်အိမ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးခဲ့သည်။