စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွားနေဆဲ၊ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့
30 August 2023 – Kachinwaves
ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးသို့ စစ်ကြောင်းထိုးေနသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီတပ်က မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့် ထပ်မံစစ်ကြောင်း ထိုးလာသည့်အတွက် ဩဂုတ်လ ၂၆ ရက်နေ့ကစပြီး တိုက်ပွဲတစ်ဖန် ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဘယ်နားဖြစ်ဖြစ် တိုက်ပွဲပြင်းထန်နိုင်ခြေများတယ်။ ကင်းပဲချတာမဟုတ်တော့ဘူး။ အလုံးအရင်းနဲ့ ချထားကြတာ။”ဟု ဆိုသည်။
စစ်ကောင်စီတပ်အချို့သည် နမ်ဆန်ယန်ကျေးရွာအတွင်း ပိတ်မိနေပြီး ထပ်မံစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းများလည်းရှိကြောင်း သူကပြောသည်။
“စစ်ကောင်စီတပ်တွေ နမ်ဆန်ယန်ထဲမှာ ပိတ်မိနေတယ်။ ဒီဘက် (KIA) က ငါးနေရာပိတ်ထားတာ။ အင်အား တစ်ထောင်ကျော်လက်ရှိဝင်ထားတယ်။ ထပ်လာနေတုန်းပဲ”ဟု ဆက်ဆိုသည်။
စစ်ကောင်စီတပ်က လိုင်ဇာမြို့ဘက်သို့လည်း ယနေ့နံနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီး သုံးကြိမ်ထက် မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယခုလ ဩဂုတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား – ဗန်းမော်လမ်း အောင်ဂျာကျေးရွာနှင့် မဒီးယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။