PDF၊ ABSDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ကသာမြို့နယ်နှင့် အင်းတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေ
29 August 2023 – Kachinwaves
ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကသာမြို့နယ်နှင့် အင်းတော်မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီသင်္ဘောများကို လုံခြုံရေးယူပေးသည့် အမှတ် (၁၂၁) ခလရ စစ်တပ်မှ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ကသာ KPDF တပ်ရင်း (၁၂) တို့ ကသာမြို့အရှေ့ဘက်ကမ်းရှိ အင်းဒရန့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) တစ်ဦးက ပြောသည်။
“သင်္ဘောဆန်စဉ်တုန်းက သူတို့ ကသာ ( ၁၂၁ ) တပ်ကနေထွက်လာပြီးတော့ သင်္ဘောကို ကာဗာယူပြီးတော့ ကသာကနေ သင်္ဘောထွက်တဲ့အချိန် သင်္ဘောပေါ်မှာပါသွားတာ၊ ဗန်းမော်အထိ။ သင်္ဘောစုန်တဲ့အခါမှာ ပြန်ပါလာပြီးတော့ ကသာကနေ သံခွန်နဲ့ အရှေ့ဘက်ကမ်းကို ကူးလာတဲ့အဖွဲ့တွေ”ဟု ပြောသည်။
အဆိုပါစစ်ကြောင်းသည် ယမန်နေ့ညနေက အင်းဒရန့်ကျေးရွာရှိ နေအိမ်ရှစ်လုံးအပြင် ဘန့်ဘွေးကုန်း ကျေးရွာမှ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အပြင် အင်းတာ်မြို့နယ်၊ မော်တိတ်ဒေသတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ABSDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု Indaw Revolution (IR) ကထုတ်ပြန်ထားသည်။
စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် မော်တိတ်ဒေသရှိ မောတိတ်ရွာ၊ ရွာသာယာရွာ၊ အောင်းကုန်း၊ နန့်သာ၊ ပေပင်၊ နန့်စင် – ကျွန်းတော စသည့်ကျေးရွာများမှ ပြည်သူခြောက်ထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။