နမ်ဆန်ယန်အနီး တိုက်ပွဲပြန်လည် ပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာကာ လေကြောင်းတိုက်ခိုက်မှု နှစ်ရက်ဆက်တိုက်ရှိ
28 August 2023 – Kachinwaves
ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးနယ်ေမြတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းများ အင်အားတိုးလှုပ်ရှားလာသည့်အတွက် ဩဂုတ်လ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က အထိနာ၍ ယမန်နေ့ည ၈ နာရီက နမ်ဆန်ယန်ကျေးရွာအထက်ရှိ အောင်ဂျာကျေးရွာ ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစီးဖြင့် လာရောက်ဗုံးကြဲခဲ့သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဒီဘက် (KIA) က ကြိုစောင့်နေတာပေါ့နော်။ ဟိုကောင် (စစ်ကောင်စီ)တွေ တက်လာတော့ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပြီးတော့ ည ၈ နာရီမှာ ဟိုဘက်က (စစ်ကောင်စီ) သုံးစီးနဲ့တက်လာပြီးတော့ ချလိုက်တာတဲ့။ တိုက်ပွဲလည်း ကြီးကြီးမားမားဖြစ်သွားတယ်လို့ ပြောတယ်။”ဟု ဆိုသည်။
ယခုလ ၂၆ ရက်နေ့ ညနေပိုင်းကလည်း နမ်ဆန်ယန်ကျေးရွာနှင့် မဒီးယန်ကျေးရွာကြားတွင် စစ်ကောင်စီတပ် က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် မှားယွင်းဗုံးကြဲမိသည့်အတွက် စစ်ကောင်စီ စစ်ကြောင်းမှ အရာရှိတစ်ဦး သေဆုံးသည်ဟုကြားသိရကြောင်း အဆိုပါ သတင်းရင်းမြစ်ကဆိုသည်။
မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ နမ်ဆန်ယန်ကျေးရွာတွင် အထိုင်ချရန်စစ်ကောင်စီတပ်များ အင်အား အလံုးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့ကစပြီး စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲကြောင့် ဝိုင်းမော် – ဗန်းမော်လမ်းပိုင်ကို ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည်မှာ နှစ်လနီးပါး ကြာမြင့်ပြီဖြစ်ပြီး အဆိုပါလမ်းပိုင်းရှိ ကျေးရွာများမှ နေရပ်ပြန်စစ်ရှောင်ပြည်သူများလည်း မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် လိုင်ဇာမြို့များသို့ ထွက်ပြေးတိမ်းရှောင် နေရသည်။