ယခုရက်ပိုင်းအတွင်း မိုးကောင်းမြို့တွင် ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦး စစ်ကြောရေးမှာ သေဆုံး
27 August 2023 – Kachinwaves
မိုးကောင်းမြို့တွင် စစ်ကားပစ်ခတ်ခံရပြီးနောက် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများထဲမှ အမျိုးသား တစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားကြောင်း သိရသည်။
စစ်ကားပစ်ခတ်ခံရသည့် ဩဂုတ် ၁၉ ရက်နေ့က မိုးကောင်းမြို့အရှေ့ဘက်ရှိ ပျော်လင့်ကျေးရွာတွင် နေထိုင်သည့် မိသားစုတစ်စုကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ယမန်နေ့ညက စစ်ကြောရေးတွင် အိမ်ထောင်ဦးစီးဖြစ်သူ အသက် ၄၀ နှစ်အရွယ် အမျိုးသားဦး ဝဘော်တန်ဂွန်း သေဆုံးသွားသည်ဟု မိုးကောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က ၇၄ တပ်ထဲမှာ စစ်ကြောရေးလုပ်ရင်းနဲ့ မိန်းမနဲ့ကလေးရှေ့မှာပဲ စစ်ရင်းဆေးရင်းနဲ့ ဝဘော်တန်ဂွန်း ကို လက်လွန်ပြီးတော့ သေသွားတာပေါ့။”ဟု ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကတော့ စစ်ကြောရေးမှာ လက်လွန်မှုဖြစ်ပြီး ဆေးရုံပို့ဆောင်ရာ သေဆုံးသွား သည်ဟု ဆိုသည်။
အမှတ် (၇၄) စစ်ကောင်စီတပ်သည် မိုးကောင်းမြို့၏ အရှေ့ဘက် ဝေဘုလတောင်ခြေတွင် တည်ရှိကြောင်း သိရသည်။
စစ်ကားပစ်ခတ်ခံရပြီးနောက် မိုးကောင်းမြို့တွင် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၇၀ ကျော်ရှိနေပြီဟု ဒေသခံများထံမှ သိရှိရသော်လည်း Kachinwaves အနေဖြင့် တိတိကျကျအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယမန်နေ့နံနက်ကလည်း စစ်ကောင်စီတပ်က စျေးကုန်းရပ်ကွက်၊ မြရည်နန္ဒာရုပ်ရှင်ရုံအနီးတဝိုက် တွင်နေထိုင်သည့် ကချင် အမျိုးသမီးလေးဦး ဖမ်းဆီးခံရကြောင်း သိရသည်။