ဗန်းမော်မှ စုန်းဆင်းလာသည့် သင်္ဘောမှ စစ်ကောင်စီစစ်သားများသည် ဆင်တပ်ကျေးရွာမှ နေအိမ်များကို ဖျက်ဆီးပြီး နွား၊ ကြက်များကိုလည်း သတ်ဖြတ်စားခဲ့
27 August 2023 – Kachinwaves
ဗန်းမော်မြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ သင်္ဘောများတွင် လိုက်ပါ လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆင်တပ်ကျေးရွာမှ ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးပြီး နွား၊ ကြက်များကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။
ရွှေကူမြို့နယ်၊ ဆင်တပ်ကျေးရွာရှိ ဒေသခံများ၏ နေအိမ် အသုံးအဆောင်ပစ္စည်းများကို သင်္ဘောဖြင့် လိုက် ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများကိုလည်း ယူဆောင်သွားသည်ဟု မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သင်္ဘောကပစ်ပြီး ဝင်လိုက်တာ။ ကျွန်တော်တို့တောင် ဘာမှလုပ် မရဘူး။ သင်္ဘောက တအားပစ်လို့။ မီးတော့မရှို့သွားဘူး။ ဈေးဆိုင်တွေမှာ ရှိသမျှအကုန် ယူသွားတယ်။ အိုးခွက်တွေ၊ အဝတ်အစားတွေ လွှင့်ပစ် ထားတယ်။”ဟု ပြောသည်။
စစ်ကောင်စီတပ်က ဒေသခံနေအိမ် ၅၀ ကျော်မှ အိမ်တွင်းပစ္စည်းများ ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံများ ပိုင်ဆိုင်သည့် နွားတစ်ကောင်နှင့် ကြက်များကိုလည်း သတ်ဖြတ်စားသောက် သွားကြောင်းသိရသည်။
ယင်းသင်္ဘောများသည် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်က စစ်ကောင်စီတပ်၏ ရိက္ခာတင်ပို့ရန် ချောဆွဲခံရပြီး မန္တလေးမှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာတင်ပို့ခဲ့သော သင်္ဘောများ ဖြစ်သည်။
အဆိုပါသင်္ဘောများသည် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့က ရွှေကူမြို့သို့ ပြန်လည်စုန်ဆင်းလာခြင်းဖြစ်ပြီး ယနေ့နံနက် ၅ နာရီတွင် ရွှေကူမြို့မှ ထွက်ခွါသွားပြီဖြစ်ကြောင်း သိရသည်။