မိုးကောင်းမြို့တွင် အမျိုးသမီး ၄ ဦးကို စစ်ကောင်စီထပ်မံ ဖမ်းဆီး
26 August 2023 – Kachinwaves
မိုးကောင်းမြို့၊ စျေးကုန်းရပ်တွင်နေထိုင်သည့် အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်က ယနေ့နံနက် ၅ နာရီက ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ စျေးကုန်းရပ်ကွက်၊ မြရည်နန္ဒာရုပ်ရှင်ရုံအနီးတဝိုက်တွင် နေထိုင်သည့် ကချင်အမျိုး သမီးလေးဦးဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ ၁၉ ရက်နေ့က မိုးကောင်းမြို့တွင်း၌ စစ်ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ယခုလို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာပြီး သတင်းမီဒီယာများ မှာ ဖော်ပြချက်အရ ၁၀ ယောက်ကျော်ရှိလာပြီ ဖြစ်သည်။
“(PDF) မိုးကောင်းမြို့မှာ လှုပ်ရှားခဲ့တဲ့ မစ်ရှင်တိုင်းမှာ သူတို့ဘက်က ထိထိရောက်ရောက် ဖမ်းဆီးနိုင်မှုတွေ မရှိခဲ့ဘူးလေ။ အဲ့တာမျိုးကိုလည်း သူတို့အနေနဲ့ တော်တော်ခံပြင်းနေတဲ့ သဘောတော့ရှိမယ်။ အဲ့တာ ကြောင့် ခုချိန်မှာ လှည့်ပတ်ပြီးလိုက်ရမ်းနေတာ”ဟု မိုးကောင်းမြို့ခံတစ်ဦးက ပြောသည်။
နေ့စဉ်နေ့တိုင်း မြို့အတွင်း စစ်ကားနှင့် ရဲကားများ လှည့်ပတ်စစ်ဆေးနေပြီး လုံခြုံရေးတင်းကြပ်စွာ လုပ်ဆောင် နေသည်ဟု သူကဆက်ပြောသည်။
“ကင်းပုန်းဝပ်တာတို့ ပတ္တရောင်လှည့်(ကင်းလှည့်) ပြီးသွားတာတို့၊ မင်္သကာဘူးထင်တဲ့ဟာ ဘာညာဆိုရင် သူတို့က ဖမ်းဆီးတာတို့ ဘာတို့ပေါ့။ အဓိကတော့ လူငယ်တွေပေါ့နော်”ဟု ဆိုသည်။
ယခုတစ်ပတ်တာအတွင်း ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ဆယ့်ငါးဦးထက်မနည်းရှိနေပြီး၊ ၎င်းတို့မှာ မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၊ ဈေးကုန်းရပ်ကွက်နှင့် အိုးတန်းရပ်ကွက်မှ ပြည်သူများဖြစ်ကြောင်း မိုးကောင်းမြို့ခံများထံမှ သိရသည်။