မိုးကောင်းမြို့တွင် အသက်မပြည့်သေးသည့် ကလေးအပါအဝင် မိသားစုဝင်များ ဖမ်းဆီးခံရ
25 August 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့နံနက်ပိုင်း အာရုဏ်ဦးအချိန်က အသက် ၁၂ နှစ်အရွယ် ကလေး ငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ မိသားစုဝင်များဖြစ်ပြီး ၎င်းတို့ ပိုင်ဆိုင်သည့် အိုးတန်းရပ်ကွက် ကားဂိတ်အနီးရှိ ကချင်ရိုးရာအကင်ဆိုင်တွင် အလုပ်လုပ်နေသူများလည်း ဖမ်းဆီးခံရသည်ဟု မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မိသားစုတစ်ခုတည်းပါ။ ဆိုင်အလုပ်သမားနဲ့ အိမ်မှာရှိတဲ့သူတွေ ပါသွားတယ်”ဟု ပြောသည်။ ဖမ်းဆီးခံရသူများ တွင် အသက်မပြည့်သေးသည့် ယောကျ်ားလေးတစ်ဦး၊ အမျိုးသမီးသုံးဦးနှင့် အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကို Kachinwaves က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
မိုးကောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ကားတစ်စီးပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်လာသည်။ ၎င်းစစ်ကား ပစ်ခတ်ခံရသည့် ဖြစ်စဉ်ပြီးနောက် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ခြောက်ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကစပြီး မိုးကောင်းမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ စစ်ကောင်စီသတင်းပေးဟု ယူဆရသူများနှင့် အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရခြင်းနှင့် လုံခြုံရေးယူသည့် စစ်ကောင်စီကားများ ပစ်ခတ်ခံ ရမှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။